ဟာရာမော့နယ်မှ အပြန်တွင် ရှင်ခွန်လောင်သည် ဣန္ဒကိုလည်း သင်္ဂဏီ ဟူသော ဒုတိယမိဖုရားဘွဲ့မြှောက်စားကာ ကရဝီပြည်သို့ ခေါ်ဆောင်ခဲ့သည်။မိဖုရား သင်္ဂဏီသည် ကရဝီမြို့တော်သို့ ရောက်သည့် ည၌ မြို့တော်နှင့် အနီးအနားက ပန်းပေါင်းစုံတို့သည် အလိုအလျောက်ပွင့်လန်းလာခဲ့သည့်အပြင် ဣန္ဒအား ခေါ်ဆောင်ခဲ့သော နေရာသည် ပန်းပေါင်းစုံပွင့်လန်းသော ပန်းတောင်မှ ဖြစ်တာကြောင့် သူ့အား ပုပ္ဖဂီရိသူဟုလည်း ပြည်သူများက ခေါ်တွင်ခဲ့သည်။
ဣန္ဒသည် ကရဝီမြို့သို့ ရောက်ပြီး နောက်တစ်ရက်တွင် ရှင်ခွန်လောင်သည် မိဖုရားသင်္ဂဏီနှင့်အတူ တိုင်းသူပြည်သားများကို တိုင်းခန်းလှည့်လည်ကြည့်ရှုစဉ် အံ့ဖွယ်တစ်ရပ်ဖြစ်ခဲ့သည်။
ရှင်ခွန်လောင်တို့ စီးနှင်လာသော ဆင်ဖြူတော်သည် အနီရဲတောက်သော မင်းတန်ဆာတို့ဖြင့် ဆင်ယင်ထားသည်။ ထိုဆင်ပေါ်တွင် ဘုရင်နှင့် မိဖုရားတို့က ထိုင်လျက် လက်ဝဲလက်ယာမှ တိုင်းသူပြည်သားများကိုဖူးမြော်စေသည်။ မိဖုရားသင်္ဂဏီသည် ရွှေကဲ့သို့ ဝင်းဝါသော အဆင်းနှင့် ပုထုဇဉ်လူသားများထက် တစ်မူထူးခြားသော ရုပ်သွင်ကြောင့် တိုင်းသူပြည်သားများက ကြည့်ရှုမဆုံးဖြစ်နေလေသည်။
လမ်းပေါ် ပရိတ်သတ်များသည် မိဖုရားအသစ်ကို ဖူးမြော်ရင်း မြို့အစွန်သို့ ရောက်သောအခါတွင် မြို့ပြင်မှ ကျွဲရိုင်းအုပ်သည် အထိန်းအကွပ်မဲ့လျက် မြို့တွင်းသို့ ရန်လိုစွာ ပြေးဝင်လာကြသည်။ ထိုအချိန်တွင် မြို့တံခါးကလည်း မပိတ်ရသေးသည်ဖြစ်၍ ကျွဲရိုင်းအုပ်က ဒရဟောဝင်ရောက်လာသည်။ မိဖုရားကို ဖူးမြော်နေသော လူအုပ်သည် ထိုကျွဲရိုင်းအုပ်ကြောင့် ရုန့်ရင်းဆန်ခတ်ဖြစ်ကာ ကလေးငယ်ကို ချီထားသော အမျိုးသမီးသည် ပြေးရင်း လမ်းမထက်တွင် လဲကျလေသည်။
ရန်လိုစွာ ပြေးလာသော ကျွဲအုပ်သည် ထိုလမ်းမတစ်လျှောက်ပြေးလာသည်ဖြစ်ရာ လူအများကလည်း ကြောက်လန့်ကာ ထိုအမျိုးသမီးကို ဝင်မကယ်ရဲကြပေ။ ကျွဲရိုင်းအုပ်က တဖြည်းဖြည်းနီးကပ်လာသောအခါတွင် ထိုအမျိုးသမီးသည် သူမ၏ ကလေးငယ်ကို ကာကွယ်ရန် သူမ၏ခန္ဓာကို ဘောလုံးသဏ္ဍာန်ကွေးထားလာသည်။
YOU ARE READING
ယမုံနာမြစ်ကမ်းနံဘေးက ချစ်ပန်းကလေး
Romanceကရဝီပြည့်ရှင် ရှင်ခွန်လောင်က သူ၏ နလုံးသည်းပွတ်လေးအား ဤသို့ မိန့်ဆိုဖူးသည်။ " ကိုယ်တော့်အတွက် မင်း မသိလိုက်တဲ့ တစ်ခုတည်းသော နိဗ္ဗာန်က မင်းနဲ့အတူနေရခြင်း ဖြစ်တယ် ။ ကိုယ်တော်သာ ဗာဟီရဝါဒီဖြစ်ခဲ့မယ်ဆိုရင် မင်းက ကိုယ်တော်ရဲ့ နေရောင်ခြည်လေး ဖြစ်ပေလိမ့်မယ်...