Episode (4)

221 32 0
                                    

Unicode Version

" ဟော ကိုကိုလေး ပြန်လာပြီလား "

ဟိုတယ်အခန်းထဲကို ခြေချလိုက်တာနဲ့ တပြိုင်တည်းထွက်လာတဲ့ ခပ်ထေ့ထေ့ စကားသံ​ကြောင့် ဂျဲနို မျက်နှာကြောတစ်ခုလုံး ရှုံ့တွသွားရတယ်။

ဒီလိုမဖြစ်အောင် ဂျယ်မင်းဆီက အစောကြီးထွက်လာခဲ့တာကို။

" အဲ့မျက်နှာက ဘာဖြစ်တာလဲ။ ငါလာတာကို မကြိုဆိုဘူးဆိုရင်တောင် အဲ့လောက်ရုပ်ပျက်ဆင်းပျက် မဖြစ်ပြနဲ့လေ "

" အဲ့လိုမဟုတ်ပါဘူး မင်းကလည်း... "

" ထားပါတော့ အခုဘယ်ကိုသွားပြီး ဘယ်သူ့ဆီက ပြန်လာတာလဲ "

ဟိုတယ်အခန်းထဲက သူ့ကုတင်ပေါ်မှာ ကျကျနနခြေချိတ်ထိုင်နေတဲ့လူက ထပ်ပြောတယ်။ တမင်တကာမှေးစင်းထားတဲ့မျက်လုံးတွေက 'ငါ အဖြေကိုသိပြီးပြီ။ ဒါပေမယ့် မင်းလိမ်တာ နားထောင်ချင်သေးတယ်' ဆိုတဲ့ စကားကို အသံတိတ်ဖော်ပြနေခဲ့သလိုမျိုး။

သူလိမ်တာကို နားထောင်ချင်တယ်ဆိုမှတော့ တာဝန်အရ လိမ်ပေးရတော့မှာပေါ့။ ဂျဲနို ကုတင်ပေါ်မှာထိုင်နေတဲ့ လူရဲ့ဘေးမှာသွားထိုင်လိုက်တယ်။

" ဘယ်ကိုမှ မသွားပါဘူး။ ဘယ်သူ့ဆီကမှ ပြန်လာတာလည်း မဟုတ်ပါဘူး "

သူ့စကားကြောင့် ဘေးက လူက မျက်ခုံးပင့်ကြည့်တယ်။ သူ အလျင်အမြန်ပဲ ဘေးကလူရဲ့ ပုခုံးပေါ် ခေါင်းမှီချလိုက်တော့ ဈေးကြီးတဲ့ အကောင်းစားရေမွှေးနံ့ ခပ်သဲ့သဲ့ကိုရတယ်။

" အဲ့ဒီ ခွေးပေါက်လေးလို အပြုအမူတွေက အခုချိန်မှာ အလုပ်မဖြစ်ဘူးနော် ဂျဲနို "

" ငါတကယ်ပြောနေတာပါဆို... "

" မင်း ငါ့ကို ဘယ်တုန်းက ညာပြောတတ်လာတာလဲ "

သူ့ရဲ့ အထိအတွေ့က ခဏလေးအတွင်းမှာပဲ ခွါချခံလိုက်ရတယ်။ သူ လက်မလျှော့ဘဲ ပုခုံးပေါ်ပြန်မှီချလိုက်ရင်း သူ့ကိုတွန်းထုတ်လာမယ့် လက်တွေကိုပါ ဖက်ပြီးချုပ်ထားလိုက်တော့ ထပ်ပြီးမတွန်းထုတ်လာတော့ဘဲ ငြိမ်ကျသွားတယ်။

" မှန်မှန်ပြောစမ်းပါ... မင်း ဘယ်ကပြန်လာတာလဲ "

" ကနေဒါကို အခုမှပထမဆုံး ငါရောက်ဖူးတာလေ။ ငါလည်း နည်းနည်းပါးပါးတော့ သွားလည်မှာပေါ့ "

The Accidental Fate Where stories live. Discover now