Episode (2)

192 23 0
                                    

Unicode Version

ရွှေအိုရောင်ဖြစ်တည်မှုတစ်ခုက သူ့ရဲ့ပုခုံးပေါ်ပြိုကျလာတယ်။ ရုတ်တရက်ဆန်သွားတဲ့ အဖြစ်အပျက်တွေကို ဂျယ်မင်းရဲ့ဦးနှောက်က ဆက်စပ်နိုင်ဖို့ အသည်းအသန်ကြိုးစားနေရတယ်။

သူ့အိမ်လိပ်စာကို ဘယ်လိုသိသွားတာလဲ?

ဒီလူက ပျောက်သွားတာမဟုတ်ဘူးလား?

ဒါမှမဟုတ် ပျောက်သွားတာမဟုတ်ဘဲ သူ့အနားမှာပဲ တစ်ချိန်လုံးရှိနေတာကို သူသတိမထားမိခဲ့တာလား?

" မင်း ဒီကိုဘယ်လိုရောက်လာတာလဲ? "

ပြန်ဖြေသံက ထွက်မလာခဲ့။ အဲ့ဒီအစား သူ့ရဲ့ပုခုံးပေါ်မှာ စိုစွတ်စွတ်ခံစားချက်တစ်ခုဖြစ်လာခဲ့တယ်။ သူ့ရဲ့ ပုခုံးပေါ်ကိုမျက်နှာအပ်ထားတဲ့ လူရဲ့ခေါင်းကိုလက်နဲ့အသာလှုပ်လိုက်တော့ လက်မှာကပ်ပါလာတာက ခပ်ပျစ်ပျစ်အနီရောင် အရည်တွေ။

" သွေး...သွေးတွေ! "

သွေးတွေက အဲ့ဒီလူရဲ့ နဖူးဒေါင့်စွန်းကနေစိမ့်ထွက်လာတယ်။ ဂျယ်မင်းအင်္ကျီရဲ့ ပုခုံးစွန်းတစ်ခုလုံး တစ်စတစ်စနဲ့ စိုရွှဲလာတဲ့အထိပဲ။

" ဟေ့လူ သတိထားပါဦး! "

အလန့်တကြားဖြစ်နေတဲ့ ဂျယ်မင်းရဲ့နှုတ်ကနေ ကိုရီးယားဘာသာစကားက ပွင့်အန်ကျလာတယ်။ အင်္ဂလိပ်လိုပြောဖို့ကို သူ့ဦးနှောက်က ရုတ်တရက်အလုပ်မလုပ်တော့သလိုပဲ။ အရင်နေ့တုန်းက သူ့ကို ကိုရီးယားလိုပြောခဲ့တဲ့လူအတွက် အင်္ဂလိပ်စကားကို အထူးတလည် သုံးနေစရာမလိုဘူးလို့ တွေးလိုက်မိတာကြောင့်လည်းပါမယ်။

" ကျစ်! "

ဂျယ်မင်းရဲ့ အေးချမ်းတဲ့ အနားယူမှုတွေက တိတိပပကိုပျက်သုဉ်းသွားရတယ်။ သူ့အပေါ်ကို မှီထားတဲ့လူကို ခါးကနေထိန်းကိုင်ရင်း ဧည့်ခန်းထဲက ဆိုဖာပေါ်ပစ်ချလိုက်တယ်။ ဒဏ်ရာရနေတဲ့လူကို ညင်ညင်သာသာဆက်ဆံသင့်တယ်ဆိုတာသိပေမယ့် ဂျယ်မင်းက သူတော်စင်တစ်ယောက်ဟုတ်မနေခဲ့ဘူး။

အိမ်တံခါးကိုပိတ်လိုက်ပြီး ဆိုဖာပေါ်မှာပုံပျက်ပန်းပျက်လဲကျနေတဲ့လူကို ခေါင်းကနေခြေအဆုံးတစ်ချက်ကြည့်လိုက်တယ်။ စတွေ့တဲ့နေ့ကလိုပဲ တစ်ကိုယ်လုံးကို အနက်ရောင်တွေနဲ့ဆင်ထားတာ။ သက်ပြင်းတစ်ချက်ချလိုက်ရင်း ဒီလူကို ဘယ်လိုဆက်လုပ်ရမလဲ တွေးရတယ်။

The Accidental Fate Where stories live. Discover now