Episode (5)

243 34 9
                                    

Unicode Version

" အဲ့တော့ ဂျယ်မင်းတို့က တွဲနေကြပြီပေါ့ "

" အင်း "

မင်ဟျောင်း အရှေ့မှာ မထုံတတ်ထေးနဲ့ထိုင်နေတဲ့ ဂျယ်မင်းသာ သူ့ညီဆိုရင် ခေါင်းကိုခပ်နာနာလေးခေါက်ပြီးနေလောက်ပြီ။ ပုံစံကြည့်တော့သာ လူရည်မွန်ပုံစံလေးနဲ့ တကယ်တမ်းကျ ဘာကိုမှအလေးအနက်မထားဘူး။ မင်ဟျောင်း စိတ်ညစ်ညစ်နဲ့ပဲ သက်ပြင်းချလိုက်တယ်။

" ဘယ်လောက်ကြာသွားပြီလဲ "

" နှစ်လ "

စာအုပ်ပေါ်က အကြည့်မလွှဲတဲ့ ဂျယ်မင်းက အေးအေးဆေးဆေးပဲ။ ကာကီရောင်လည်ပိတ်ဆွယ်တာအပွနဲ့ ဂျယ်မင်းက အင်္ကျီထဲနစ်မြုပ်နေသယောင်။ ခြေထောက်နှစ်ချောင်းကိုပါ ထိုင်ခုံပေါ်တင်ရင်း ဒူးထောင်ပြီးထိုင်နေတာမလို့ ခြေမျက်စိအထိအုပ်တဲ့ဘောင်းဘီအရှည်အောက်က ခြေချောင်းသွယ်သွယ်လေးတွေနဲ့ ခြေသည်းကြည်ကြည်လေးတွေကိုပါ သေချာမြင်နေရတယ်။ နောက်တော့ ဂျယ်မင်းတပ်နေကျ ခပ်ဝိုင်းဝိုင်းမျက်မှန်အောက်က မျက်တောင်ရှည်တွေရယ်။ အကုန်ခြုံကြည့်မယ်ဆိုရင် ဂျယ်မင်းဟာ အတော်ကြည့်ကောင်းတဲ့ ယောကျာ်းတစ်ယောက်ဖြစ်တယ်။ အဲ့တာကြောင့်လည်း ဟိုကောင်က လက်လွတ်မခံဘူးဖြစ်နေတာနေမှာ။ အတွေးတစ်ခုနဲ့အတူ မင်ဟျောင်း နှာခေါင်းရှုံ့လိုက်တယ်။

ကိုရီးယားမှာကတည်းက ညီလေးတစ်ယောက်လို ချစ်ခင်ရတဲ့ သူ့ဘေးအိမ်ကမုန်လာဥလေးကို ဘယ်ကမှန်းမသိတဲ့ အနောက်တိုင်းဝက်တစ်ကောင် လာတူးသွားပြီ။

" အဲ့လူရဲ့အကြောင်းတွေ ဂျယ်မင်း သေချာသိလို့လား "

သူမေးလိုက်တော့ ဂျယ်မင်းက ဖတ်နေတဲ့စာအုပ်ပေါ်ကနေအာရုံလွှဲပြီး မျက်စံတွေဒေါင့်ကပ်ရင်းစဉ်းစားတယ်။

" နာမည်တော့ သိတယ် "

မင်ဟျောင်းက ဒုတိယအကြိမ်မြောက်သက်ပြင်းချလိုက်တယ်။ တကယ်မလွယ်ဘူးပဲ။

" တွဲတာ နှစ်လကြာသွားတာတောင် နာမည်ကလွဲလို့ ဘာမှမသိရသေးဘူးပေါ့။ ပေါ့ပျက်ပျက်နိုင်လိုက်တာ ဂျယ်မင်းရာ။ ကြားထဲမှာ မင်းတို့ဘာတွေလုပ်နေကြလို့ သူ့အလုပ်အကိုင်နဲ့ နေတဲ့လိပ်စာတောင် မမေးနိုင်သေးတာလဲ။ သူကတော့ မင်းအကြောင်းတွေ အကုန်နီးပါးသိနေတာနော် "

The Accidental Fate Where stories live. Discover now