မိုးကုပ်စက်ဝိုင်းနှင့် မျဥ်းပြိုင်တည်ရှိနေသော စားကျက်မြေစိမ်းက မျက်စိတဆုံး လှပနေသည်။ အရှင်သည် အနက်ရောင် နှင့်အဖြူရောင် မြင်းစီးဝတ်စုံကို ဆင်ယင်လျက် တင့်တယ်စွာ ကျက်သရေရှိနေသည်။ တစ်ဖက်က မြင်းဇက်ကြိုးကိုကိုင်လျက် ညာလက်တွင် နှင်တံတစ်ခုကို အလိုက်သင့်မြှောက်ကာ မဟူရာရောင် မြင်းရိုင်းကို ယဥ်ပါးအောင် သင်ကြားပေးနေသည်။ အရှင့်၏ ခြေတစ်ဖက်အခြေအနေကြောင့် စိုးရိမ်မိသော်လည်း အရှင်သည် သည်အလုပ်ကို ငယ်စဥ်ကတည်းက တတ်မြောက်နေသည်ကို သိရတော့ ဗင်းက အရှင့် အပေါ််တိုး၍လေးစားမိသည်။
ဇာခြုံလွှာပါးတစ်ဆင့်ခံမြင်နေ ရသော မြင်ကွင်းပေမဲ့ အရှင်သည်မြတ်နိုးဖွယ်အတိဖြစ်နေဆဲ။ ဗင်းသည်လည်း အရှင်နှင့်အတူမြင်းစီးလေ့ကျင့်နေရသည်။ ထို့အတွက် ဗင်းသည် အရှင်ချစ်မြတ်နိုးသော နီယွန်ဆိုသည့် မြင်းညိုကြီးကို အပိုင်စားရလိုက်သည်။ နီယွန်သည်အသိဥာဏ်မြင့်မားသော မြင်းတစ်ကောင်ဖြစ်သည်။ မြင်းမစီးတတ်သော ဗင်းကို သူက အထိအခိုက်မရှိ ထမ်းပိုးထားနိုင်ပြီးလိုရာကို ပို့ဆောင်ပေးနိုင်သည်။ ထိုနည်းဖြင့် ဗင်းသည် မြင်းစီးခြင်းအတတ်ကို မပင်မပန်းစေဘဲ တဖြည်းဖြည်းချင်းတတ်မြောက်ခဲ့သည် ။
ဗင်း အပြင်ထွက်မည်။ လူတွေနှင့် ဆက်ဆံမည် ဆိုကတည်းက အရှင်က မတားမြစ်ခဲ့။ သို့သော်စည်းမျဥ်းတချို့ရှိခဲ့သည်။ ဗင်းသည် ယောကျာ်းတို့တတ်အပ်သော အခြေခံပညာရပ်များကို ဦးစွာတတ်မြောက်ရမည်ဟူသော အချက်ဖြစ်သည်။ ထို့အတွက်ဗင်းသည် နေ့စဥ်အသစ်အသစ်သော ပညာရပ်များကို အချိန်ပြည့် သင်ယူနေရလျက် အတိတ်၏ ကြေကွဲစရာများကိုပင်ခံစား နာကျင်နေချိန်မရှိတော့ပြီ။
နောက်ထပ်စည်းမျဥ်းတစ်ခုက အိပ်ဆောင်ပြင်ပတွင် ဗင်းသည် ဇာပဝါပါးတစ်ခုဖြင့် မျက်နှာကို ဖုံးအုပ်ထားရမည်။ နန်းဆောင်အတွင်းတွင် အရှင်ကလွဲ၍ မည်သူမျှ ဗင်းမျက်နှာကို မော်ဖူးခွင့်မရှိ။ ဒါသည်ကထူးဆန်းသည်။ နန်းဆောင်၏ တစ်ဦးတည်းသော နန်းရှင်သည် သာမန်ပြည်သူပြည်သားများကြားတွင်တောင် တသားတည်း သွားလာနေပြီးမှ ကြင်ယာလောင်းဖြစ်သည့် ဗင်းကတော့ဖြင့် တစ်ပင်တိုင်စံနေရသည်။