Unicode>>>
Chapter 1: New World (ကမ္ဘာသစ်)
"လူကြီးမင်းတို့, လျှောက်မပြေးကြပါနဲ့! ဂိုက်တွေရဲ့ ညွှန်ကြားချက်တွေကို နားထောင်ပေးကြပါဗျ! ဒီနေရာက ဓါတ်ပုံရိုက်တဲ့နေရာမဟုတ်ပါဘူး။ ချောက်ကမ်းပါးက အရမ်းအန္တရာယ်များပါတယ်! " ယိမင်ကျစ်သည် လျှောက်ပြေးကာ ကိုယ့်သဘောကျ ဓါတ်ပုံများ လိုက်ရိုက်နေကြပြီဖြစ်သော လူအုပ်ကြီးအား အဆုတ်ကွဲမတတ်အော်လေသည်။ သူကူရာကယ်ရာမဲ့စွာ သက်ပြင်းချရင်း ဒီနေ့တင် သုံးကြိမ်မြောက်ဖြစ်နေပြီဖြစ်သော သရမ်းလွန်းလှသော အနှီခရီးသွားများကို ခေါ်ဆောင်ခြင်းအမှုအားမပြုခင် သူ၏ နဖူးထောင့်မှ စီးကျနေသော ချွေးများကိုခါချလိုက်လေသည်။ "ရှန်စေး, မင်း လူတွေနဲ့ အရင်နေထားလိုက်ဦး, ငါတယောက်ယောက်သွားရှာလိုက်ဦးမယ်"
"အိုခေ" ရှန်စေးဟု ခေါ်သော လူငယ်လေးသည် တည်ငြိမ်စွာတုန့်ပြန်လေသည်, ထို့နောက် ကျန်ခဲ့သော အဖွဲ့အား နေရိပ်ထဲတွင် စောင့်ရန်ခေါ်သွားရာ ခရီးသွားတို့သည်လည်း အနားယူရန် စိတ်အားထက်သန်နေခဲ့ကြပြီး နေရာတွင် စကားဝိုင်းဖွဲ့ပြောနေကြကာ ဓါတ်ပုံများရိုက်ကူးနေကြလေသည်။
ထိုနေ့သည် အလွန်ကိုပူသောနေ့တနေ့ပင်, လောင်မြိုက်လျက်ရှိသောနေသည် မြေကြီး၏ မျက်နှာပြင်အား ခွဲခြမ်းနေသဖွယ်ဖြာကျလျက်ရှိသည်။ ရှန်စေးသည် သူနှင့်တကွ ယူလာသောရေဘူးမှ ရေတကျိုက်သောက်လိုက်ပြီး ခေါင်းလေးအား အနည်းငယ်စောင်းလိုက်သော အခါဝယ် ချွေးတစက်သည် သူ၏ နဖူးထောင့်မှ စီးကျသွားလေသည်။ ထိုအချိန်တွင် ကလစ်ခ် ဟူသော အသံထွက်ပေါ်လာကာ ရှန်စေးသည်လည်း အသံထွက်လာရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ မျက်နှာနီရဲလျက်ရှိသော မိန်းကလေးသည် သူမ၏ ဖုန်းအား အလျင်အမြန်ဖွက်ကာ သူ့အား ရှက်ရွံ့နေသဖွယ်ခေါင်းငြိမ့်ပြလေသည်။
"ဒါနဲ့ဆို ဘယ်နှခေါက်ရှိနေပြီလဲ? ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ, မင်းကိုက အရမ်းအမြင်ဖမ်းစားလွန်းတယ်ကွာ" သူ၏ အလုပ်ဖော် လင်ချီ သည် စနောက်သည့်ပုံဖြင့် ရှန်စေး၏ ပုခုံးအားပုတ်လိုက်သည်။
YOU ARE READING
ငါက တကယ့်သာမန်လူတယောက်ပါလို့! ! !
Horrorunlimited flow ကမ္ဘာကြီးဟာ ရုတ်တရက် ပြိုပျက်သွားရပြီး ငလျင်တခုပြီးနောက်တွင် တကယ့်ကမ္ဘာအစစ်နဲ့ unlimited flowကြီးနဲ့ ပေါင်းစပ်သွားရကာ, ထိုကမ္ဘာအတွင်း၌ နစ်မြုပ်နေသူတို့ဟာလည်း ပြန်လည်ရောက်ရှိလာရလေသည်။