Chapter-17 [ Uni ]

78 18 0
                                    

[ သနားစရာကောင်းတဲ့ ဗီလိန်လေးကို ကယ်တင်ခြင်း ]

အခန်း-၁၇။ အဖေဖြစ်ကြောင်းစစ်ဆေးမှု

__________

နောက်တစ်နေ့က ဗုဒ္ဓဟူးနေ့ဖြစ်သည်။ ရှုနဉ်က ကျောင်းသို့ မနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင်ရောက်ရှိလာ၏။ သူရောက်သောအခါတွင် နောက်ကျမှရောက်လေ့ရှိသည့် ဗီလိန်လေးက ပြတင်းပေါက်နားက နောက်ဆုံးတန်းခုံတွင်ထိုင်နေပြီဖြစ်သည်။ သူက ခေါင်းငုံ့ထားပြီး စားပွဲခုံပေါ်မှ တစ်ခုခုကိုရှာနေ၏။ ခေါင်းပေါ်တွင်လည်း ရုပ်ဆိုးသည့် ခရမ်းရောင်ဆံပင်တုရှိနေဆဲဖြစ်သည်။

ဗီလိန်က ဒီနေ့ စောစောရောက်လာနေခြင်းပင်။

ရှုနဉ်က နောက်ဆုံးတန်းတွင်ထိုင်နေသောအတန်းဖော်များကို နှုတ်ဆက်လိုက်ပြီး သူ့နေရာသို့ ဦးတည်သွားလိုက်သည်။ သူထိုင်လိုက်သောအချိန်တွင် ဗီလိန်လေးက စားပွဲပေါ်တွင် နွားနို့နှင့်ပေါင်မုန့်များကို တင်ထားပြီးဖြစ်သည်။ သူက ပလတ်စတစ်ပတ်ထားသည်ကိုဖြုတ်၍ နွားနို့ဗူးထဲသို့ ပိုက်ကိုစိုက်ထည့်လိုက်သည်။

သူမော့ကြည့်လာသည်နှင့် ရှုနဉ်က သူ၏ချောမောသောမျက်နှာပေါ်မှ ဒဏ်ရာများကိုတွေ့လိုက်ရသည်။

ဗီလိန်၏အသားအရေက အလွန်ဖျော့တော့သည့်အတွက်ကြောင့် ဒဏ်ရာများက အလွန်သိသာပေါ်လွင်နေသည်။

ရှုနဉ်က ခေတ္တမျှတုံ့ဆိုင်းသွားရသည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အခုရက်ပိုင်းတွင် ပိုကောင်းလာနေပြီဖြစ်သည့်အတွက် သူက ဂရုတစိုက်ဖြင့်မေးလိုက်သည်။

"ယင်းမင်ကျန်း မင်းမျက်နှာက ဘာဖြစ်တာလဲ"

ယင်းမင်ကျန်းက လှည့်လာပြီး မျက်တောင်ခတ်လိုက်သည်။ "ဟမ်"

ရှုနဉ်က သူ့ပါးသူညွှန်ပြလိုက်သည်။

ယင်းမင်ကျန်းက ပြုံးလိုက်ပြီး ပြန်မဖြေပေ။

ထိုအဓိပ္ပာယ်က သူမပြောချင်သည်ဟု ဆိုလိုခြင်းဖြစ်ပေ၏။

ရှုနဉ်က သူဘယ်လိုလူလဲဆိုတာကို နားလည်ထားသည်။

သူက အရာအားလုံးနှင့်ပက်သက်ပြီး တိတ်တဆိတ်နေတတ်သောသူဖြစ်သည်။

သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း [ ဘာသာပြန် ]Where stories live. Discover now