"ဒီမှာ မောင်ရင် ညီဒေါန"
"ဟုတ်ကဲ့ ... ဦးမင်းဉာဏ်"
"စိတ်ကို အဆင်သင့် ပြင်ထားချေကွယ့်"
"ဘာ...ဘာဖြစ်လို့ပါလဲ "
"ကျုပ် အခုပဲ ညီဒေါနဘွားကို လူပျိုစကားပြောတော့မလို့"
"ခင်ဗျာ?"
................
၁၉၄၀ ခုနှစ် ၊ တပိုတွဲလဆန်း ၁၂ရက်။
တစ်နှစ်တာ အရိပ်ပေးပြီးသော မိုးလုံးမှိုင်းခေါ် ဗာဒံရွက်များက လောကသဘာဝအိုမင်းရင့်ရော်ခြင်းကို ဆောင်လျက် အစိမ်းမှ အဝါ, ဝါမှ အနီသို့ ကူးပြောင်းနေလေပြီ။အလွမ်းဓာတ်ခံကို တနင့်တပိုးသယ်ဆောင်လာသည့် လေပြေညင်းက ထိုသစ်ရွက်ငယ်တို့အား လှုပ်ခြွေရိုက်ခတ်ဖြတ်ကျော်ကာ ညီဒေါန ရှိသော အခန်းငယ်သို့ တိုးဝှေ့လာကြ၏။
အဝါရောင် ချိတ်လိုင်းအကြီးကို အနက်ခံဖဲသားမှာထိုးထားပြီး တစ်ထွာခန့်ထပ်ဆင်ပါသော လုံချည်ဟာ သူကိုယ်ပေါ်တွင် ကျကျနန။အတွင်းခံဖောက်ထွင်း၍မြင်ရသော မှန်စာလက်တိုအင်္ကျီကို ပြေပြစ်အချိုးစားကျစေရင် ကြိုတင်စုဆောင်းထားသည့် အသားအိအိအဝတ်စတချို့ ထိုးထည့်လိုက်၏။နှစ်ဖက်ညီအောင် ညှိပြီးတာနဲ့ အသက်ရှူလိုက်တိုင်း မို့မောက်၍ လှုပ်ခတ်လာသည့်အခါ အမျိုးသမီးတစ်ဦးကဲ့သို့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ဆိုသည့် ကဗျာဆရာများတင်စားတတ်သော စကားလုံးကိုရရှိသည်။ထို့ကြောင့် မိမိကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ရင်း ကျေနပ်စွာပြုံးမိတဲ့အချိန် ပါးပြင်အထက် စံပယ်တင်မှဲ့ကလေးဟာ ပို၍ ထင်ပေါ်လာသယောင်။
ထမီပတ်ထားသောဗိုက်ပေါ်သို့ လက်နှစ်ဖက်ကို တင်ရင်း အသက်ကိုဝအောင်ရှူသွင်းလိုက်သည်။ခိုးကြောင်ခိုးဝှက်ပြင်ဆင်နေရသော်လည်း မှန်ထဲတွင် မိမိ၏ ပုံစံအမှန်ကို မြင်တွေ့နေရတာကြောင့် စိတ်၌ကြည်နူးပျော်ရွှင်နေ၏။ အမျိုးသမီးတစ်ဦးရဲ့ အသွင်၊ အမျိုးသမီးတစ်ဦးရဲ့ ဟန်။ ဒါတွေကို ညီဒေါနဘွား သိပ်ကို သဘောကျမြတ်နိုးမိပါသည်။ခန္ဓာကိုယ်၌ ပြင်ဆင်ပြီးသော် တိုတိတိ ဆံနွယ်တွေမှာ တစ်စုံတစ်ခုလိုနေတာ ခံစားမိတာနဲ့ ချက်ချင်းဆိုသလို ထမီရဲ့ တစ်ဖက်အနားစ ထောင့်စွန်းကို ဆွဲ၍ အိမ်ရှေ့သို့ထွက်လာလိုက်သည်။