အိမ်ရှေ့ ဝရံတာကနေ ထွက်ကြည့်လိုက်ချိန် ခြံထဲမှာ အပင်တွေကြား အလုပ်များနေသော ကိုကိုလတ်ကိုတွေ့လိုက်ရတာကြောင့် အသာပဲ အခန်းထဲပြန်ဝင်လာလိုက်သည်။ကိုကိုကြီးနဲ့ ကိုငယ်ကတော့ ကားတစ်စီးနဲ့ထွက်သွားသည်မို့ အိမ်မှာမရှိ။
အခန်းတံခါးအားသေချာစေ့ပိတ်ပြီး စောစောကမုန့်ထွက်ဝယ်တုန်း လမ်းထိပ်အထည်ဆိုင်မှာ ဝင်ယူခဲ့သော ဂျပ်ဘူးလေးကို ခုတင်ပေါ်ကနေ မ,ယူကာ အပေါ်အဖုံးဖွင့်လိုက်သည်။ခရမ်းရောင်ပိုးသားအပေါ်မှ ရွှေမှင်ရောင်ချိတ်လိုင်းလေးတွေယှက်ပြေးနေသည့် လုံချည်အဆင်လေးက သူ့နှုတ်ခမ်း၌ အပြုံးများဝေအောင်စွမ်းဆောင်နေ၏။
ဒီအထည်ရဖို့ တစ်လတောင်ကြိုတင် မှာယူထားရသည်။တခြားအမျိုးသမီးလေးတွေလို အပြင်မှာ ကြော့ကြော့မော့မော့ မဝတ်ဆင်နိုင်သော်လည်း သူ့ရဲ့ လူသူမသိသော ရပ်ဝန်းလေးအတွင်းမှာတော့ တစ်ကြိမ်တစ်ခါမျှ ဝတ်ရရင်ကို ကျေနပ်လှပါပြီ။
အထက်ဆင်ကနေကိုင်ကာ ဖြန့်လိုက်မှ ခေါက်ထားတုန်းကထက်ကို ချိတ်လိုင်းလေးတွေပေါ်လာတာကြောင့် လုံချည်၏ ယက်ထည်အလှမှာ ကြည့်မဝနိုင်။ကိုယ်၌ကပ်ကြည့်၏။မှန်တွင် ဘယ်ညာလှည့်၍ ကြည့်ပြန်၏။
နောက်ဆုံး အလင်းရောင်ကောင်းကောင်းရသော ပြတင်းပေါက်နားသွားကာ ကိုင်မြှောက်ဖြန့်ကြည့်ပြီးမှ သဘောကျလျက် လက်နှစ်ဖက်ဖြင့်စုကိုင်ရင်း ရင်ညွှန့်နားကပ်လိုက်သည်။မုန့်ဖိုးမရှိတော့ရင်နေပါစေ လိုချင်တာလေး ရလိုက်ရရင်ဖြင့် ပျော်လို့မဆုံးနိုင်ပါ။
ကြည့်လို့ဝမှ သေချာလေးပြန်ခေါက်ပြီးလက်ထဲကိုင်ထားတုန်း သူ့အကြည့်တို့က မထင်မှတ်ဘဲ တစ်ဖက်ခြံသို့ရောက်သွား၏။ ညီဒေါနရဲ့ အခန်းအရှေ့ဘက် ပြတင်းပေါက်နေရာက တစ်ဖက်တိုက်၏ ခြံထဲ ကို ကောင်းစွာမြင်ရသည့် နေရာဖြစ်သည်။ထို့ကြောင့် ကပ်လျက်ဖြစ်သော ဝေရာခြုံစည်းရိုးဘေးမှာ ကုလားထိုင်တစ်လုံးဖြင့် စာထိုင်ဖတ်နေသည့် လူကြီးကို အပေါ်စီးမှ မြင်နေရ၏။ဘေးတွင် ခွေးခြေခုံ၌တင်ထားသော ရေနွေးကြမ်းက အငွေ့မပြယ်သေးတာကြောင့် သူ့နှုတ်ခမ်းတွင် ကိုက်ခဲထားသည့် ဆေးပေါလိပ်အငွေ့ဖြင့် ရောနှောယှက်ပြေးနေသယောင်။