Ep-2(Zawgyi)

827 34 0
                                    







ကိုငယ်ပြောသလို နေ့ခင်းပိုင်းမှာ ခြံထဲသို့ မော်တော်ကားတစ်စီးစိုက်လာပြီး မောင်း‌သူနေရာမှ ကိုကိုလတ်ဆင်းလာကာ နောက်ထပ်တံခါးတစ်ဖက်မှာတော့ ကိုကြီးဖြစ်သည်။သူ အိမ်ရှေ့တံခါးမှ အပြေးလေးထွက်ကြိုပြီး အထုတ်တွေကူသယ်ပေးဖို့လုပ်၏။သို့သော် ကိုကိုလတ်က အဝတ်အိတ်ကြီး နှစ်အိတ်လုံးကို လက်တစ်ဖက်စီမှာ ပေါ့ပါးစွာချိတ်သွားပြီး သူသယ်စရာက ပခုံးပေါ်တင်လာသော ကိုကြီး လက်တစ်ဖက်သာရှိတော့သည်။

ကိုကြီးရောကိုကိုလတ်ရောက ညီအစ်ကိုတွေထဲမှာအရပ်အရှည်ဆုံးဖြစ်ပြီး တောင့်တင်းသောခန္ဓာကိုယ်တွေပိုင်ဆိုင်ကြသည်။ကိုငယ်ကတော့ အင်္ကျီဝတ်ထားတဲ့အခါ သူနဲ့မတိမ်းမယိမ်းသေးသယောင်ထင်ရသော်လည်း အင်္ကျီချွတ်ခါမှ ကျစ်လျစ်ခြင်းကိုမြင်ရ၏။အားလုံးထဲမှာ ဗလရော,ဇရောသေးငယ်ဆုံးက ညီဒေါနသာဖြစ်သည်။လေးယောက်လုံးထဲမှာ အချောဆုံးကတော့ ကိုကိုလတ်၊မျက်လုံးမျက်ခုံးနဲ့ မျက်နှာကျ မင်းသားရှုံးစေသည့် အသွင်ပင်။

" စာမေးပွဲဖြေနိုင်ရဲ့လား အငယ်လေး"

"ဟုတ်ကဲ့ ကိုကြီး အောင်မှတ်တော့ ရကောင်းပါရဲ့"

သူ့အဖြေကို ဧည့်ခန်းကျွန်းကုလားထိုင်မှာ ဝင်ထိုင်လိုက်တဲ့ ကိုကြီးက သဘောကျစွာရယ်ပြီး

"အေးကွာ ... အောင်ရင်ပြီးရောမဟုတ်ကဲ့လား... ဒင်းတို့ ဘာသာကိုမ 'အ'အောင်သာ သင်ခိုင်းတာ ဘိုသံထွက်ရင်တောင် ရွံ့မုန်းစရာမှတ်တယ်ကွယ့်"

ဗမာသံပီပြင်လှသည့် ကိုကြီးရဲ့ စကားအသွားအလာမှာ ဇာတိသွေးတို့ ဖိတ်ဖိတ်ယိုလျက်။ ညီဒေါန ခေါင်းလေးငုံ့ကာ နာခံရင်း ကိုကိုလတ်ကတော့ အထုတ်တွေ ဧည့်ခန်းမှာပဲ ချကာအေးအေးလူလူရှိသည်။သူ့ကို အင်္ဂလိပ်စာ ဘာသာ သင်ကြားစေသော်လည်း အိမ်၌မူကား ထမင်းစားရေသောက်တောင် မထွက်ခိုင်း။ ခေတ်၏ အခြေအနေရ မချစ်သော်လည်း‌ အောင့်ကာနမ်းနေရသလို ညီဒေါနကိုယ်တိုင်လည်း ဒီဘာသာအား စိတ်ဝင်စားလှသည်တော့မဟုတ်။

ကိုယ့်လူမျိုး၊ကိုယ့်ဘာသာဆိုတာမျိုး တစ်ယူသန်ကြီးအစွဲထားသည်ဟုပဲဆိုဆို ဖိနိုပ်ချုပ်ချယ်မူကိုတော့ လူတိုင်းလိုချင်သည့်အရာမဟုတ်ပေ။ အစ်ကိုကြီးသုံးယောက်လုံးလောက် သွေးမရဲသော်လည်း သူ့မှာ ဇာတိသွေးဓာတ်ခံလေးတော့ စီးဆင်းနေဆဲပင်။ထို့ကြောင့် ကိုကြီး စကားကို ထောက်ခံ၏။

ယိမ်းWhere stories live. Discover now