"ကိုကိုလေး နာမည်နဲ့ ခြံရှေ့မှာ ပါဆယ်ရောက်လာပါတယ်ရှင့်"
ညီဒေါန ဧည့်ခန်းမှာထိုင်နေရင်း မိစုက အထုတ်တစ်ထုပ်ကိုကိုင်ကာ ရောက်လာသည်။သူလှမ်းယူလိုက်ပြီး ဘာပစ္စည်းမှမှာထားခြင်းမရှိတာကြောင့် အထုတ်အပေါ်က ညီဒေါနဘွားဆိုသည့် နာမည်ကိုကြည့်ကာ အံ့သြနေ၏။
"သွားလို့ရပြီ မိစု"
"ဟုတ်ကဲ့ ကိုကိုလေး"
မိစုထွက်သွားမှ အပေါ်ထပ်က အခန်းထဲ တက်လာလိုက်ကာ ဖွင့်ကြည့်လိုက်တော့ အိတ်ရဲ့အောက်တစ်ထပ်မှာ ဂျပ်ဖာဘူးဖြစ်သည်။ရင်းရင်းနီးနီးမြင်ဖူးထားသော ဂျပ်ဖာပုံစံကြောင့် သူ့ရင်ထဲ မယုံကြည်နိုင်စွာရှိနေပြီး အတွင်းမှ ချိတ်အခွေပါသော ယက်ထည်လုံချည်အား မြင်လိုက်ရချိန် ပွင့်ဟနေတဲ့ နှုတ်ခမ်းကိုတောင် ပြန်မစေ့နိုင်။နာမည်နဲ့ အတိအကျပို့လိုက်တယ်ဆိုမှတော့ ဘယ်သူလဲ ခက်ခက်ခဲခဲ စဥ်းစားနေစရာမလိုတော့ ။ ပြတင်းပေါက်မှ လှမ်းမြင်နေရသည့် မကျူးကျော်ရဝါဒကြီးစိုးသော တိုက်ကိုကြည့်ကာ ညီဒေါန ပြုံးနေမိတော့သည်။
ဒီတစ်ခါတော့ ခဏသာ အမြန်ဖြန့်ကြည့်ပြီး ကိုငယ်မလာခင် သေတ္တာရဲ့အောက်ဆုံးထပ်ထိ ဖွက်ကာသိမ်းလိုက်သည်။လူကိုတမင်တကာခေါ်ပြီး တောင်းပန်ခိုင်းတာဟာ အစက ကြောင်တောင်တောင်နိုင်တဲ့ လူကြီးလို့ထင်သော်လည်း နာမည်မေးပြီး အပြန်အလှန်သဘောဖွင့် အလျော်ပေးခြင်းဖြစ်မည်။ဒီလိုဆိုတော့လည်း မင်းဉာဏ်မြင့်ပိုင်ဆိုသော ထိုလူကြီးရဲ့ စိတ်ရင်း ထင်သလောက်တော့ မဆိုးနိုင်ပါချေ။
.........
ညနေခင်း ကိုကိုငယ်ပြန်လာတော့ ထုံးစံအတိုင်း ညီအစ်ကိုနှစ် ထမင်းဝိုင်းမှာလက်ဆုံကျနေသည်။ အိမ်အကူအဒေါ်ကြီးနဲ့ မိစုတို့က ပြန်သွားပြီဖြစ်တာကြောင့် ကိုကိုကြီးနဲ့ ကိုကိုလတ်မရှိသောအိမ်က ပို၍ခြောက်ကပ်ကပ်ဖြင့် တိတ်ဆိတ်နေသယောင်။သို့သော် ထမင်းစားနေချိန်ဆို ညီဒေါန စကားမပြောဖြစ်၊ကိုငယ်ကပဲ သူ့မျက်နှာကို နေ့တိုင်းအတိအကျလှမ်းကြည့်နေကျ နာရီတစ်လုံးလို မော့ကြည့်လာပြီး