နှောင်းတန်ခူးရဲ့ပေလိပ်ဖူး

23 4 0
                                    

" သင်္ကြန်မှာလုံးတဲ့ အလုံး ဘာလုံးရယ်လို့ ခေါ်ကြတယ်... မုန့်လုံးရယ်လို့ ခေါ်ကြတယ် ..မုန့်လုံးရယ်လို့ ခေါ်ကြတယ်ဟေ့..."

ပေါ့ပါးသွက်လက်လှသော သံချပ်သံသည် အနောက်ပါးခပ်လှမ်းလှမ်းဆီမှ သံပြိုင်ထွက်ပေါ်လျက်ရှိ၏။

မုန့်လုံးဖက်သူ အပျိုသမလေးများ မပျင်းရိစေရန် သံချပ်ကို သံပြိုင်သီဆိုကြသည့် လူညိုချောတို့အဖွဲ့၏ ‌စနောက်နောက်နှင့် ပြောင်ပြောင်ပျက်ပျက်မြင်ကွင်းသည် ကြည်နူးဖွယ်ကောင်းလှ၏။

ပါးနှစ်ဖက်တွင် မိန်းမပျိုလေးတစ်ယောက်၏ လက်ချက်ဖြင့် အိုးမည်းအနည်းငယ်ပေကျံလျှက်ရှိသောလူညိုချောတို့အဖွဲ့ထဲမှ လူပျိုတစ်ယောက်သည် နဖူးတွင် ပုဝါဖြူကိုစည်းထား၏။ လက်ဆစ်တို့ကို မျောက်အသွင်သဏ္ဌာန်ယူလျက် ခြေကား လက်ကား၊ ထော့နဲ့ထော့နဲ့ဖြင့် မျောက်ဟန်ကပြ‌နေခြင်းကို ဘေးနားရှိ ပရိတ်သတ်များလည်း တဟားဟားဖြင့်ဝါးလုံးကွဲရယ်ကာ ပွဲကျနေလေသည်။

မုန့်လုံးလိမ့်သူကလိမ့် သံချပ်ဆိုသူက ဆို ပျော်ပါးသူကပျော်ပါးကြနှင့် အပျော်မပျက်သော အပြုံးတို့ဖြင့် နာဒိယ စံအိမ်ဝင်းကြီးက အပျင်းမစွက်စေဘဲ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလှသည်။ သို့သော်လည်း ယခုတစ်ခါ အတာကူးချိန် အပျော်တို့သည် တစ်စုံတစ်ယောက်၏ရင်တွင်းဆီသို့ မကူးစက်နိုင်တော့ပေ။

နက်ဖြန်သို့ရောက်ခဲ့သော် မိမိတို့၏နာဒိယစံအိမ်ကြီးကံကြမ္မာသည် တစ်မျိုးတစ်ဖုံပြောင်းလဲတော့မည်မှန်းကြိုသိခဲ့လျှင်...။အပျော်လေးဝင်ခါစရှိသေး ပြုံးပျော်သူတို့၏အပြုံးများကို မဖျက်ဆီးရက်ပါ။

နှစ်စဉ်နှစ်တိုင်း ပျော်ပွဲရွှင်ပွဲအဖုံဖုံဖြင့် ဆင်နွှဲလာခဲ့သော နာဒိယစံအိမ်ကြီးသည် ယခုချိန်ကျမှမည်သို့အကြောင်းကြောင့် ဝမ်းနည်းဖွယ် အငွေ့အသက်တို့ရောစွက်နေရသနည်း။

နှစ်တစ်နှစ်၏ အတာကူးချိန်ရောက်တိုင်း နောင်သံသရာအဆက်ဆက် ပြန်လည်ဆုံတွေ့လိုသူများ
ဆုံတွေ့နိုင်ရန်အတွက် ကုသိုလ်ထူးကို အမှူးထား၍ ဘုရားသွားအဓိဌာန်ပြုရင်း တောင်းဆုပြုကြ၏။ သစ္စာဆိုကြ၏။ သစ္စာရည်များသောက်သုံးကြရ၏။

One ShotsWhere stories live. Discover now