အကယ်၍...ပြန်ဆုံဖြစ်ခဲ့ရင်..🍂

113 11 4
                                    

တောင်စောင်းတစ်နေရာဆီငေးရင်း အဝေးဆီမှ ရထားဥဩဆွဲသံကို ကြားရသည်။ ထို့နောက်
မီးခိုးတလူလူထွက်နေသော ရထားမှာ တောင်စောင်းတစ်လျှောက်ရွေ့လျားနေလေသည်။

သူမှီတွယ်နေမိသော အပင်ဆီမှ ရော်ရင့်ရင့်သစ်ရွက်လေးတစ်ရွက် ကြွေကျလာခဲ့သည်။ မဖြစ်နိုင်မှန်းသိနေရက်နှင့်တောင် ဖြစ်လိမ့်မည်ဟူ‌သောအတွေးနှင့်၊ဖြစ်ပါစေဟူသော အ‌တွေးတို့က ကိုယ်ပိုင်အသိစိတ်ကိုလှည့်စားနေပြန်သည်။

ကိုယ့်ကိုယ်ကိုယ်လိမ်ညာနေမိသည့် လှည့်စားမှုတစ်ခုသာဖြစ်ကြောင်းကိုယ်တိုင်သာအသိဆုံးဖြစ်လေ၏။

မှတ်ဉာဏ်ပေါင်းများစွာ သိုမှီးရာ အတိတ်၏ နေ့ရက်များသည် စိတ်၏ကုစားရာဆေးပမာဖြစ်သော်လည်း တမ်းတရင်း စွဲလမ်းမှန်းမသိစွဲလမ်း‌နေတတ်သော ဒဏ်ရာလေးတစ်ခုလည်း ဖြစ်နေပြန်သည်။သို့သော် တစ်စုံတစ်ယောက်ပါဝင်သော သီးသန့်မှတ်ဉာဏ်အပိုင်းလေးကိုတော့ နာကျင်စရာဟု ဘယ်တော့မှသတ်မှတ်ဖြစ်မည်မဟုတ်ပါ။

အတိတ်ကို တစ်ကြိမ်ပြန်ပြောင်းတွေးကြည့်တိုင်း အမှတ်ရစရာ မှတ်ဉာဏ်လေးသည် ဝေဒနာကုစားရာဆေးတစ်ခွက်သာ ဖြစ်မည်ဆိုလျှင် ထိုအတိတ်သည် ဘဝတစ်လျှောက်လုံးအတွက် အလှဆုံးပန်းခင်းလေးတစ်ခင်းပျိုးနိုင်ခဲ့ခြင်းပင်။ လိုအပ်လျှင် ချိုမြိန်လတ်ဆတ်သော ရနံ့ကို ရှူရှိုက်နိုင်သည်။ အလှဆုံးမဟုတ်သည့်တိုင် စိတ်အအေးချမ်းဆုံး၊ ရှုခင်းပန်းချီကားတစ်ချပ်ကိုမြင်ယောင်ရင်း အတွေးထဲကြည့်မြင်နိုင်သေးသည်လေ။

နွေလေပြည်က တစ်ချက်မျှတိုက်ခတ်လာသည့်အခါ ကျန်ရစ်နေသော ဝါဖန်ဖန်ရွက်တို့မှာတဖျတ်ဖျတ်လှုပ်ရှားသွားကြသည်။ ဘယ်ဘက်ပခုံးဆီသို့ ကြွေကျလာတော့မည့်သစ်ရွက်ခြောက်လေးကတော့
လေနှင်ရာအတိုင်း ဟိုသည်လည်လျှက် မြေပြင်သို့ ဦးခိုက်သွားရသည်။အညှာမခိုင်တော့သော ရော်ရွက်ဝါတို့သည်လည်း လေဦးတည့်ရာ လွင့်မျောကုန်ကြပြီ။

မမေ့နိုင်သေးသော ရင်ဘတ်ဆီမှ ပုံရိပ်တို့ကသာ ကျန်ရစ်နေခဲ့ဆဲ။ အမြဲတမ်းစစ်မှန်ခဲ့၍သလား....။သို့သော် သူကတော့ဤနေရာတွင် မပြောင်းလဲဘဲ ထာဝရရှိနေအုံးမည်သာ။

One ShotsWhere stories live. Discover now