ညနေရောက်တော့ ယွန်းဆုကထမင်းချိုင့်လာပို့ပေးသည်။
လူနှစ်ယောက်စာကို ငါးဆင့်ချိုင့်ကြီးနဲ့သယ်လာသူကိုကြည့်ပြီး ထယ်ယုံးမှာတအံ့တဩဖြစ်ရသည်။
ယွန်းဆုကတော့ သူ့အမူအရာကို သတိထားမိဟန်မရှိဘဲ ချိုင့်ထဲကဟင်းတွေကိုသာ ပန်းကန်းထဲလှယ်ထည့်ပြီး ထမင်းစားစားပွဲမှာနေရာချနေလေသည်။“ ဘာတွေလဲ ”
“ ပိန္နဲသီးဟင်းရယ် ပဲနှပ်ရယ် ငါးကြော်နှပ်ရယ် ကြက်သားငပိချက်ရယ် ကြက်သားကဈေးကကြက်သားမို့လို့ စိတ်ချလက်ချစားလို့ရတယ်နော် အစ်ကိုဒိုယောင်း ”
ထယ်ယုံးမေးတာကိုပြန်ဖြေပေးရင်း ဒိုယောင်းကိုလဲလှမ်းပြောတဲ့ယွန်းဆုက ဒိုယောင်းအကြောင်းအသေးစိတ်ကအစ အကုန်သိနေဟန်။
“ ပိန္နဲသီးလား Jack Fruit? ”
“ အင်း ”
“ Jack Fruitကဒီအတိုင်းစားရတာမဟုတ်ဘူးလား ချက်စားလို့ရတာလား ”
“ Jack Fruitကအပျော့မျိုးနဲ့ အမာမျိုးဆိုပြီး နှစ်မျိုးရှိတာရယ် အမာမျိုးကိုအမှည့်ခံပြီးစားကြပေမယ့် အပျော့သီးကျတော့ မှည့်သွားရင် စားလို့သိပ်အဆင်မပြေတာမို့လို့ မမှည့်ခင်ခူးပြီး ဟင်းချက်စားကြတာ အချို့ကျတော့ အပျော့သီးကိုလဲ အမှည့်ခံစားကြတယ် ”
ထယ်ယုံးကယွန်းဆုကိုမေးလိုက်တာဆိုပေမယ့် ချိုင့်ဆေးပေးနေတဲ့ဒိုယောင်းကဝင်ဖြေပေးတာမို့ ဪခနဲသာအသံပြုလိုက်တော့သည်။
ထမင်းစားမယ်ဆိုပြီးလုပ်တော့မှ ယွန်းဆုယူလာတဲ့ထမင်းက မနေ့ကဒိုယောင်းတောင်းလာတဲ့ထမင်းနဲ့ကွာခြားနေတာကို သတိထားလိုက်မိသည်။ မနေ့ကတောင်းလာတဲ့ထမင်းက အညိုဘက်သွားပြီး ယွန်းဆုယူလာတဲ့ထမင်းကတော့ ထယ်ယုံးစားနေကျထမင်းလို အဖြူစွတ်စွတ်ဖြစ်သည်။
စားကြည့်လိုက်တော့ ကွာခြားချက်က ထမင်းသား၏နူးညံ့မှုဖြစ်သည်။ မနေ့ကထမင်းကတော့ နည်းနည်းမာသည်။ ဒါပေမယ့် ကိုရီးယားကဆန်နဲ့အရသာက တစ်ထပ်တည်းတူနေတာမျိုးလဲမဟုတ်ပါ။
စိုက်ပျိုးတဲ့နည်းစနစ်ကွာခြားတာကြောင့်ဖြစ်မည်ထင်သည်။ငါးအရိုးကြောက်သူပီပီ ငါးဟင်းကိုလက်မလှမ်းဖြစ်ဘဲ ကျန်တဲ့ဟင်းတွေနဲ့ပဲစားနေတုန်း ပန်းကန်ထဲကိုရောက်လာတဲ့ အရိုးနွှဲထားတဲ့ငါးအသားတွေကြောင့် မော့ကြည့်မိတော့ ခေါင်းငုံ့ပြီး ငါးရိုးနွှင်နေပေးနေတဲ့ ဒိုယောင်းကိုတွေ့လိုက်ရတာမို့ ရင်ထဲနွေးခနဲဖြစ်သွားရသည်။
စရောက်တဲ့နေ့တုန်းကလဲ ဒိုယောင်းကသူ့အတွက်ငါးအရိုးနွှင်ပေးခဲ့ဖူးပေမယ့် ခံစားချက်ကလုံးလုံးမတူညီ။
ချစ်မိသွားတာကြောင့်ဖြစ်ပါလိမ့်မည်။
နောက်မှယွန်းဆုရှိနေမှာကိုသတိရပြီးလှည့်ကြည့်မိတော့ ဘယ်အချိန်ပြန်ထွက်သွားတယ်မသိ အရိပ်ပင်မမြင်ရတော့။