ထယ်ယုံးတို့အိမ်ပြန်ရောက်တော့ ညဆယ့်တစ်နာရီကျော်ပြီဖြစ်တာမို့ မဝါတို့မောင်နှမနှစ်ယောက်လုံး သူတို့အိမ်လေးဘက်ကိုပြန်သွားလေပြီ။
ဒိုယောင်းက သူ့အခန်းထဲဝင်အိပ်သွားပေမယ့် ထယ်ယုံးကတော့ အိပ်လို့မပျော်တာမို့ ပိတောက်ပင်ကြီးအောက်ကိုရောက်လာမိပြန်သည်။
လေးရက်မြောက်သွားပြီမို့ ပိတောက်ပင်ကြီးမှာ ပန်းတွေသိပ်မရှိရှာတော့။ ဒါပေမယ့် ကျန်နေတဲ့ပန်းတွေဆီက ခပ်သင်းသင်းအနံ့လေးကို ရနေဆဲပင်။ထိုင်နေတုန်း ဖုန်းထဲမက်ဆေ့ခ်ျဝင်သံကြားလို့ဖွင့်ကြည့်လိုက်တော့ ဒိုယောင်းဆီကဖြစ်နေတာမို့ အလိုလိုအိမ်ဘက်ကိုကြည့်လိုက်မိသည်။ ပြတင်းပေါက်ကနေ လက်လှမ်းပြနေတဲ့ဒိုယောင်းကို လက်ပြန်ပြလိုက်တော့ ဒိုယောင်းဘက်ကသူ့ဆီဖုန်းခေါ်လာတော့သည်။
“ ဟဲလို ”
“ ဟျောင်း အိပ်မပျော်ဘူးလား ”
“ အွန်း ”
ဖုန်းထဲကဒိုယောင်းအသံက အပြင်ကအသံထက်ပိုပြီး ကလေးဆန်သလိုခံစားချက်မျိုးရသည်။ အတိအကျပုံဖော်ရရင် ကလေးတစ်ယောက်နဲ့ဖုန်းပြောရသလိုမျိုးခံစားချက်မျိုးပင်။
“ ဒါဆို ကျွန်တော်နဲ့ဇာတ်လမ်းကြည့်ကြမလား ”
“ Netflixရှိတာလား ”
“ Netflixတော့မဟုတ်ပေမယ့် သင်္ကြန်နဲ့ပတ်သက်တဲ့ Classic Movieတစ်ခုရှိတယ် English Subtitleနဲ့ ကြည့်မလား ”
ဒိုယောင်းပြောတာကိုနားထောက်ပြီးနောက် ခဏလောက်စဉ်းစားကြည့်ပြီးမှ ကြည့်ဖို့သဘောတူလိုက်သည်။ အိပ်မရမယ့်အတူတူတော့ ဇာတ်လမ်းကောင်းတစ်ခုကြည့်လိုက်တာလဲမဆိုးဘူး မဟုတ်ပါလား။
ထယ်ယုံးအိမ်ထဲကိုပြန်ဝင်သွားတော့ ဒိုယောင်းကသူ့အခန်းဝမှာရပ်စောင့်နေလေသည်။
“ ဟျောင်း ကျွန်တော့အခန်းထဲမှာပဲကြည့်ရအောင် ဧည့်ခန်းကတီဗွီကသေးလို့ ”
ဒိုယောင်းရဲ့အခန်းထဲကိုရောက်တော့ လက်မကိုးဆယ်တီဗွီကို အိပ်ရာနဲ့တည့်တည့်မှာဆင်ထားတာကိုတွေ့ရသည်။ အောက်ခြေမှာတော့ အခွေပုံကြီးစုပုံလို့။