စာအုပ်ထုတ်ပြီးကတည်းက ထယ်ယုံးအိမ်တွင်းအောင်းနေမိတာ ခုနစ်ရက်တိတိပင်ရှိသွားလေပြီ။ Deliမှာစားလိုက် ခေါက်ဆွဲပြုတ်စားလိုက်လုပ်ရတာကို ငြီးငွေ့လာပြီဖြစ်တာမို့
ဒီနေ့တော့ ဟင်းချက်စားမယ်ဆိုတဲ့အတွေးနဲ့ စကူတာလေးစီးရင်း အိမ်နားရှိစူပါမားကပ်ဆီထွက်ခဲ့လိုက်သည်။ဟင်းချက်စားဖို့လိုက်ကြည့်ရင်းနဲ့ အမှတ်မထင် စာအုပ်တန်းဘက်ရောက်သွားတော့ “တစ်ပတ်တာရောင်းအားအကောင်းဆုံးစာအုပ်များ”ဟု စာတမ်းကပ်ထားတဲ့ စင်ပေါ်မှာ လှလှပပလေးရှိနေတဲ့ စာအုပ်အဝါလေးကြောင့် ကျေနပ်စွာပြုံးလိုက်မိသည်။
စာအုပ်ကိုလှမ်းယူကြည့်ဖို့လက်လှမ်းမိတုန်း ကိုယ့်ထက်အရင်ဦးအောင်လှမ်းယူသွားတဲ့ ရင်းနှီးနေတဲ့လက်ဖြူဖြူလေးကြောင့် ဘေးကိုလှည့်ကြည့်မိတော့ ထယ်ယုံးကမ္ဘာကြီးရပ်တန့်သွားရပြီး မျက်လုံးတွေဝေဝါးလာရသည်။
“ ဒို...ဒိုယောင်းဂီ ”
ရူးမတက်လွမ်းခဲ့ရတဲ့ အမည်နာမကို ထစ်အစွာခေါ်လိုက်မိတော့ လှည့်ကြည့်လာသူရဲ့မျက်ဝန်းတွေက အံ့ဩခြင်းကြီးစွာ ပြူးကျယ်ဝိုင်းစက်နေတာကို မြင်လိုက်ရသည်။
“ ထယ်... ထယ်ယုံးဂီဟျောင်း?! ”
တစ်ဖက်လူနှုတ်ဖျားဆီက မိမိအမည်နာမထွက်ကျလာတဲ့အခါ ကမ္ဘာလောကတစ်ခုလုံးကို ထယ်ယုံးမေ့လျော့သွားပြီး မျက်ဝန်းအစုံမှ မျက်ရည်တွေတာကျိုးသလို စီးကျလာရသည်။ သူဘယ်လောက်တောင်လွမ်းဆွတ်ခဲ့ရပါလဲ ဘယ်လောက်တောင်စောင့်ဆိုင်းနေခဲ့ရပါလဲ။
ဒိုယောင်းရဲ့ဦးဆောင်ခေါ်လာမှုနဲ့ စင်တာနားမှာရှိတဲ့ ဆိတ်ငြိမ်တဲ့ကဖေးဆိုင်လေးဆီကို နှစ်ယောက်သားရောက်သွားရသည်။ စားပွဲခုံနေရာရပြီးတာနဲ့ ကော်ဖီနဲ့မုန့်သွားမှာနေတဲ့ဒိုယောင်းက သူ့ကိုစကားတစ်ခွန်းမှမဆိုသေး။
“ ဘယ်...ဘယ်လောက်ကြာပြီလဲ ကိုရီးယားကိုရောက်နေတာ ”
“ လေးနှစ် ”
ခပ်အေးအေးပြန်ဖြေလာတဲ့ဒိုယောင်းရဲ့အဖြေကြောင့် ထယ်ယုံးနှလုံးသားထဲဆစ်ခနဲဖြစ်သွားရသည်။ ဒိုယောင်းက နေနိုင်ရက်သည်။