🧀

365 35 4
                                    

ဖြူလွလွလိုက်ကာစကြားမှတိုးဝင်လာတဲ့ မနက်ခင်းနေရောင်ဖျော့ဖျော့။

မက်သရူး အိပ်ချင်မူးတူးနဲ့ အိပ်ရာဘေးက စားပွဲပေါ်မှာတင်ထားတဲ့ ဖုန်းနှစ်လုံးထဲကတစ်လုံးကို အလွယ်လှမ်းယူပြီးဖွင့်ကြည့်လိုက်တော့ screen မှာပေါ်နေတာ 6:13 am။ phone screen မှာပေါ်လာတဲ့ wallpaper ပုံကြောင့် ယူလိုက်တဲ့ဖုန်းက ကိုယ့်ဖုန်းမဟုတ်မှန်း မက်သရူးအလိုလိုသိလိုက်သည်။ မက်သရူးဖုန်းက ကိုကိုရယ် မက်သရူးရယ် သားသားရယ် သုံးယောက်တူတူရိုက်ထားတဲ့ပုံကို wallpaper ထားထားတာဖြစ်ပြီး နာရီကြည့်ဖို့လှမ်းယူလိုက်တဲ့ဖုန်းကတော့ wallpaper မှာမက်သရူးတစ်ယောက်ထဲပုံပင်။ ဒီဖုန်းပိုင်ရှင်ကတော့ မက်သရူးဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း။ မက်သရူးလည်း ကိုကို့နားကပ်ပြီးပြန်အိပ်ရင်ကောင်းမလား ထလိုက်ရင်ကောင်းမလားအတွေးလွန်ဆွဲရင်း နိုးလက်စနဲ့ပြန်မအိပ်တော့ပါဘူးလေလို့တွေးကာ အိပ်ပျော်နေတဲ့ကိုကို့ကို ပခုံးစွန်းထိစောင်ဆွဲခြုံပေးရင်း အိပ်ရာပေါ်မှထလာခဲ့သည်။

အပြင်မှာတော့ တစ်ညလုံးနှင်းတွေကျထားလို့ တစ်လောကလုံးအဖြူရောင်လွှမ်းခြုံနေသလိုလို။ ရာသီဥတုက အတော့်ကိုချမ်းနေပေမယ့်လည်း မိုးလင်းတာနဲ့ရေမချိုးရရင်မနေနိုင်တဲ့ မက်သရူးအကျင့်ကြောင့် မျက်နှာသစ်ပြီး ရေနွေးနွေးလေးနှင့်ရေချိုးကာ ဆွယ်တာထူထူနှင့် ခြေဖျားထိဖုံးသည့်ဂွမ်းသားဘောင်းဘီတို့ကိုလဲကာ မနက်စာအတွက်တစ်ခုခုလုပ်ဖို့ မီးဖိုချောင်ထဲဝင်လာခဲ့သည်။

2024 ကိုရက်အနည်းငယ်စွန်းနေပြီဖြစ်တာတောင် ဧည့်ခန်းထဲက ခရစ်စမတ်သစ်ပင်လေးကို ပြန်မသိမ်းရသေး။ မက်သရူးက ခရစ်စမတ်ကိုသဘောကျတာကြောင့် ခရစ်စမတ်ပြီးတာ တစ်ပတ်ကျော်ရှိသွားသည့်တိုင်အောင် ထိုသစ်ပင်ကိုအလွမ်းပြေထားထားတာဖြစ်သည်။ အထူးသဖြင့် ဒီရာသီဆို ကနေဒါက ခရစ်စမတ်ကာလကို ပိုသတိရမိသည်။ ဒီနိုင်ငံမှာနေတာ ကိုကိုနှင့်စတွဲထဲကမို့ ဆယ်စုနှစ်တစ်ခုစာလောက်ရှိပြီဆိုပေမယ့် မက်သရူးက ကနေဒါမှာမွေး ကနေဒါမှာကြီးလာတာမို့ အခုလိုဆောင်းရာသီရောက်လာရင် ဒယ်ဟန်မင်ဂုထပ် အဆများစွာပိုအေးတဲ့ ကနေဒါကိုပဲ လွမ်းနေမိတော့တာပင်။ ကိုကို့ရှေ့မှာတော့ ကနေဒါကိုလွမ်းကြောင်း အရမ်းမဖော်ပြဖြစ်။ ကိုကို့ကြောင့်သာ ဒီမှာပဲဆက်နေဖြစ်တာမို့ မက်သရူးက ကနေဒါမှာနေတုန်းကအကြောင်းတွေ အဲ့အချိန်တွေကိုသတိရကြောင်းတွေ ကိုကို့ရှေ့ပြောမိရင် "ကိုကို့ကြောင့်သာ ဘေဘီဒီမှာခြေချုပ်မိသလိုဖြစ်သွားတာ" ဟုဆိုပြီး ကိုကိုက စိတ်မကောင်းဖြစ်တတ်တာမို့။

Dear SweetheartWhere stories live. Discover now