UNICODE
ဘူဖေးစနစ်နဲ့စားတဲ့ ဟော့ပေါ့ဆိုင်တစ်ခုထဲမှာ ကောင်လေး ခြောက်ယောက် ဝိုင်းထိုင်နေကြတယ်။ သူတို့အားလုံး ဗိုက်ပေါက်မတတ် စားသောက်ပြီးနေပြီ။ ပေးထားတဲ့ ပိုက်ဆံကို တန်သထက်တန် အမြတ်ထွက်သထက် ထွက်အောင်သာ အဝသောက်လို့ရတဲ့ ဘီယာတွေကို ရသလောက်ယူပြီး သောက်လိုက်ပေါက်လိုက် လုပ်နေကြတာ။
ဆိုင်ရှင် ဟိုမင်းသမီးသာ တွေ့ရင် သူ့စီးပွားရေးကို တုတ်နဲ့ထိုးနေတဲ့သူတွေပါဆိုပြီး သူတို့ကို ဘလက်ခ်လစ်စ် သွင်းပစ်ချင်မှာ။ တကယ်တော့ သူတို့အဖွဲ့က အဲဒီမင်းသမီးရဲ့ ဖန်တွေပါ။ ပြောရမယ်ဆို အဲဒီမင်းသမီးမှ မဟုတ်ပါဘူး။ ရှိရှိသမျှ ခပ်ဟော့ဟော့ ခပ်ချောချော မင်းသမီးတွေ၊ မော်ဒယ်တွေ၊ ဆယ်လီမမတွေ အားလုံးကို သဘောထားကြီးကြီးနဲ့ ဝန်းရံပေးနေကြတဲ့ ရိုးသားတဲ့ အမျိုးသား လူငယ်လေးတွေပါပဲ။
ပြောခဲ့သလို ဆိုင်ရှင်မင်းသမီးရဲ့ ဖန်တွေဆိုပေမယ့် သူတို့က 'ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်တော့' လုပ်မယ့်ကောင်တွေ မဟုတ်ဘူး။ ဆိုင်ပိတ်ချိန်ရောက်တဲ့ထိ ရသလောက် ဆွဲမယ့်ကောင်တွေ။
အဆိုးဆုံးက ချမ်းမြေ့ ဆိုတဲ့ကောင်။ လူကြည့်တော့ ဖြူဖြူသွယ်သွယ်လေးနဲ့ ဘီယာဆို စည်လိုက်မြိုမယ့်ကောင်။ သူ့ယောက်ဖ သက်တံ့သာ သူ့လိုက်မထိန်းရင် လမ်းဘေးမှ ဖင်ပူးတောင်းထောင် အိပ်ရတဲ့ထိ ဘီယာဂျားကို လက်ကချမယ့်ကောင် မဟုတ်ဘူး။
သက်တံ့မှာ မထိန်းလို့လည်း မရဘူးလေ။ ချမ်းမြေ့မှောက်သွားရင် သူက ပစ်ထားခဲ့လို့မှ မရတာ။ ဒီကောင့်ညီမကိုမှ သူက ရည်းစားတော်ထားမိတာကိုး။ ပစ်မထားလို့ ထမ်းပို့ရအောင်လည်း ဗလချင်းက သိပ်ကွာတာ မဟုတ်။ သူမသာ ကိုယ်အသုဘ... အဲ... သူမသာ ကိုယ်မသာရယ်။
ဗလမရှိလို့ ဇမရှိဘူးတော့ မထင်စေလို။ နှစ်ကောင်လုံးက ကိုးတောင်ကျားတွေ...။ ကျောင်းမှာဖြစ်သမျှရန်ပွဲ သူတို့နဲ့ကင်းတာ မရှိသလောက်ပဲ။ ထစ်ခနဲဆို ဆော်မယ် ဆိုတာချည်း။ တကယ့်ဖိုက်တာကြီးတွေ။
ကျောင်းက ကောင်မလေးတွေလည်း သူတို့နှစ်ယောက်ကိုဆို သည်းသည်းလှုပ်ပဲ။ ဒီခြောက်ယောက် အဖွဲ့ထဲမှာလည်း သူတို့နှစ်ယောက်က အချောဆုံး။ အင်း... ပြောရရင် သွားဘက်ဆိုင်ရာ တက္ကသိုလ်တစ်ခုလုံးမှာ အချောဆုံးလို့တောင် ပြောလို့ရတယ်။

YOU ARE READING
ငါမုန်းတဲ့ကမ္ဘာ
RomanceGenre: BL, Romance/Comedy ပေါကားတွေကို မုန်းတဲ့ 'ချမ်းမြေ့' နဲ့ BL ဝတ္ထုတွေကို မုန်းတဲ့ 'သက်တံ့' ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ သူတို့မုန်းတဲ့အရာနှစ်ခုကို ပေါင်းစပ်ထားတဲ့ကမ္ဘာကို ကူးပြောင်းရောက်ရှိသွားပြီး ပေါကားရဲ့ ဒရာမာချိုးကွက်တွေနဲ့ BL ရဲ့ လွှမ်းမ...