ညီလေးတစ်ယောက်လို ချစ်မိခဲ့တာ သူမှားတာ။ ဂျယ်ယွန်းက အရာရာကို ထုတ်မပြတတ်ပေမယ့် ရှင်းမ်ဂျီဆောင်းအပေါ် ဘယ်လောက်တောင်ကောင်းပေးခဲ့ရလဲ။ လူတွေရဲ့ အမှောင်စိတ်ကိုကြောက်လို့ လူတွေကြောက်အောင်နေနေခဲ့တဲ့ သူ့ဘဝ။အနီးနားကဓားကို မမြင်လိုက်လေခြင်း။ အိုး နာလိုက်လေခြင်းပေါ့။
"လုပ်ရက်လိုက်တာ"
တိုးညှင်းစွာ တိုက်ခတ်နေသည့် လေညှင်းလေးတွေနှင့်အတူ ပျောက်ကွယ်သွားသည့်စကားလုံး။ ဂျယ်ယွန်းမျက်လုံးတွေဟာ နီရဲနေခဲ့ပြီး အရှုံးသမားတစ်ယောက်နှင့်တူသည်။
မျက်ရည်တွေခြောက်သွားသည့်တိုင် စေးကပ်ကပ်ဖြစ်နေသည့် မျက်နှာပြင်ဟာ နေလို့တော့မကောင်း။
သတ်မယ်ဆိုမှတော့ ပြန်သတ်ရမှာပေါ့။ ဘယ်သူဖြစ်နေဖြစ်နေ ဘာထူးသွားမှာမလို့လဲ။ သူ့အဖေ၊ သူ့အမေ၊ သူ့ညီလေးက ပြန်ရှင်လာမှာလား။
"အချိုရည်ဗူး..."
"မသောက်ချင်ဘူး"
တွန်းထုတ်လိုက်တာ အသာလေးဆိုပေမယ့် ဂျယ်ယွန်းစိတ်တိုနေသည်ကြောင့် အချိုရည်ဗူးဟာ အဝေးသို့ လွင့်သွားသည်။ ဟီဆွန်းကိုကြည့်လိုက်တော့ မှန်းရခက်သော အကြည့်များဖြင့် သူ့ကိုစိုက်ကြည့်နေသည်။
"ဘာလုပ်နေတာလဲ ထိုင်လေ"
ဂျယ်ယွန်းပြောကာမှ ဟီဆွန်းက ဘေးသို့ဝင်ထိုင်၏။ လမ်းမှာသောင်းကျန်းမိတာကြောင့် အိမ်မရောက်ခင် လမ်းမှာကားရပ်လိုက်ရတာဖြစ်သည်။ ခုံတန်းပေါ် အတူထိုင်နေသည့် နှစ်ယောက်ဟာ အနည်းငယ်တော့ ထူးဆန်းနေကြသည်။
"အဲဗန်၊ ငါထင်တာ မင်းနာမည်အဲဗန်မဟုတ်ဘူးမလား"
ဂျယ်ယွန်းက အဝေးကိုသာငေးရင်း တွေးရင်းနှင့်ပြောသည်။ ထို့ကြောင့် ဟီဆွန်း၏ သဘောကျစွာပြုံးသောအပြုံးကို မမြင်လိုက်။
"သိတာ မြန်လိုက်တာ"
"နောက်ကျတာမလား၊ မင်းပြတဲ့ စာချုပ်မှာ ထိုးထားတဲ့လက်မှတ်က အဲဗန်မဟုတ်ဘူး၊ အဲကတည်းက သိသင့်တာကို"
ဒါကို အခုမှစဥ်းစားမိတာဖြစ်ပြီး အခုမှထုတ်ပြောမိတာ။
"အဲဗန်လည်းမဟုတ်သလို၊ မင်းနဲ့ရွယ်တူလည်းမဟုတ်ဘူး၊ ကိုယ်မင်းထက်ကြီးတယ်"