အခန်း "6"

705 61 16
                                    

အတန်းထဲ အသံတွေ ဆူညံလျက်ရှိသည်။ခုံတန်းက နှစ်ယောက်တစ်တွဲ ထိုင်ရသည်ဖြစ်ပြီး ခွန်း ပြတင်းပေါက်ဘေးတွင် ရှိသည့် ခုံတန်း တစ်တန်းတွင် တစ်ယောက်တည်းရှိနေသည်။ကျောင်းဖွင့်သည်မှာ နှစ်ပတ်ခန့် ရှိပြီ ဖြစ်ပြီး ရှေ့ရက်တွေက   ခွန်း အပါအဝင် လူလေးယောက်ငါးယောက်မျှ သာ အတန်းတက်ကြသည်။ဒီနေ့တော့ ဌာနမှူးက "first yearတွေ အတန်းမတက်ရင် ရုံးခန်းခေါ်မယ်"ဟူ၍ ကြေညာလိုက်၍လားမသိ။အတန်းထဲတွင် ကျောင်းသူ၊ကျောင်းသားများ ပြည့်နေပေသည်။

အတန်းတက်ချိန် ကိုးနာရီထိုးတော့မည်ဆိုပေမဲ့ ခေး က အခုချိန်ထိရောက်မလာသေးပေ။ခွန်း ကို သူ့အတွက် ခုံဦးပေးထားရန် မှာကြားလိုက်သည်မို့ ခွန်း ဘေးရှိခုံအား သူ့ကျောပိုးအိတ်လေး ချကာ ခေးအတွက် နေရာဦးပေးထားရသည်။မဟုတ်လည်း သူ့လို့ရုပ်ဆိုးကောင် ဘေးမှာ ဘယ်သူထိုင်ချင်မှာလဲ။ခွန်း တစ်ချက်တစ်ချက်သူ့ကိုအကဲခတ်ကြည့်နေကြသည့် လူတချိူ့အား မသိချင်ယောင်ဆောင်ကာ လက်ထဲက ကာတွန်းစာအုပ်ကိုသာ သဲကြီးမဲကြီးဖတ်နေမိသည်။

"ဟဲ့..ကြည့်အုံး ရုပ်ဆိုးပါတယ်ဆို ပါးကွက်ကြီးကွက်ထားသေးတယ်"

"အေးလေဟယ်...ကိုယ်ရုပ်ကိုယ်သိပြီး ပြင်ပြင်ဆင်ဆင်လေးနေတာမဟုတ်ဘူး၊တကယ့် တောဆိုက်နဲ့၊မြင်ရတာ မျက်စိပသာဒမဖြစ်လိုက်တာ"

"ဟေး...ကောင်မလေးတို့ ဘယ်သူ့ကိုရှိုးနေတာလဲ"

"ဟိုမှာလေ.."

ခွန်း မျက်စောင်းထိုးရှိ အလယ်ခုံက ခပ်ဟော့ဟော့ ကောင်မလေး တစ်သိုက်က ခွန်း ကို လှည့်ကြည့်ကြပြီး အားနာမှု မရှိ ပေါ်ပေါ်တင်တင်ပင် ဝေဖန်ကြသည်။အသံတွေက ခွန်း နားထဲ အတိုင်းသား တိုးဝင်လာသည်မို့ ခွန်း ဘာရယ်မဟုတ် ခေါင်းလေး ထောင်ကြည့်မိလိုက်သည်။သူ့ကိုရည်ရွယ်ပြောဆိုနေကြသည်ကို အသံကြားရုံနှင့်သိပေမဲ့ မိန်းကလေးတွေနှင့် ပြိုင်ပြီး စကားများဖို့ သူ စိတ်တောင်မကူးမိ။သို့ပေမဲ့....

"ဟေး...ဘာကြည့်တာလဲ!! "

ထိုကောင်မလေးတစ်သိုက်နား ကပ်နေသည့် အရပ်ကြီးကလန့်ကလားနှင့် လူတစ်ယောက်က ခွန်း လှမ်းကြည့်သည်ကို မြင်သွားပြီးရင်ဘတ်ကြီးကော့ကာ ခွန်း နား လျှောက်လာသည်။ထိုခပ်ဟော့ဟော့ကောင်မလေးတွေရှေ့ သူရဲကောင်းကြီး လုပ်ပြနေချင်ပုံပင်။ပုတ်သင်ညိုကေလိုဘေးနှစ်ဖက်အပြောင်သိမ်းကာ ထိပ်တွင်ထိုးထောင်နေသည့် ဆံပင်ကေနှင့် ဗလကြီးနှစ်ဖက်အားကြည့်ကာ ခွန်း မျက်လုံးလေးပြူးသည်။ရန်..ရန်ဖြစ်တော့မှာလား။

"ကိုယ့်ချစ်သူ ရုပ်ဆိုးလေး"(both Zawgyi and Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ