"သမီး များများထည့်စားနော် အားနာရမဲ့လူတွေမဟုတ်ဘူး"
ဟိုဆော့၏မိခင်ဖြစ်သူ သူဌေးကတော်ဂျောင်ဟာ ပြောလည်းပြောရင်း ချယ်ယောင်းရဲ့ပန်းကန်ထဲကိုလည်း ဟင်းတွေထည့်ပေးနေသည်။
ချယ်ယောင်း ဆိုးလ်ကိုရောက်တုန်း သူမတို့အိမ်မှာပဲနေဖို့ပြောကာ အခုလည်း ညစာအတူတူစားနေကြခြင်းဖြစ်သည်။ ငယ်ငယ်တည်းက မိဘတွေကိုဆုံးရှုံးလိုက်ရတဲ့ ချယ်ယောင်းလေးက သူမရဲ့လက်ပေါ်မှာပင်ကြီးပြင်းလာခဲ့သည်မလို့ သူမဟာ သားအရင်းဖြစ်သူ ဟိုဆော့နည်းတူ ချယ်ယောင်းကိုလည်း တွယ်တာရပါသည်။
ချယ်ယောင်းကလည်း အဘိုးဖြစ်သူရဲ့တင်းကျပ်တဲ့စည်းကမ်းတွေအောက်မှာ နေရသည်ထက် ဒီလိုနွေးထွေးတဲ့ မိသားစုဝင်တွေကြားမှာ နေရတာပိုပျော်သည်မလို့ သူဌေးကတော်ဂျောင်၏စကားကို မငြင်းဘဲ သူမတို့အိမ်မှာသာ တည်းနေဖြစ်တော့သည်။
သူမအား မိခင်အရင်းသဖွယ် အမြဲဂရုစိုက်တတ်သည့် ဟိုဆော့အမေအား ပြုံးပြကာ ခေါင်းငြိမ့်ရင်း ထည့်ပေးသမျှ အကုန်စားနေမိသည်။
"မေမေရယ် တော်ပါတော့ မမပန်းကန်ထဲမှာလည်း ဟင်းတွေပြည့်လျှံနေပြီ"
ဟိုဆော့ပြောလိုက်မှ သူဌေးကတော်ကြီးက ရယ်ရင်း
"မေမေက သမီးလေးပိန်သွားတာကို ကြည့်ပြီး အားမရလို့ပါကွယ်။ နိုင်ငံခြားမှာ နေရတာ အဆင်ကောပြေရဲ့လား ချယ်ယောင်းလေး"
"ပြေပါတယ် ဒေါ်လေး။ အဘိုးကလည်း အစစအရာရာ ဆောင်ရွက်ပေးထားသလို အန်ကယ်ဂျိတ် ကလည်း ကျောင်းနဲ့ပတ်သတ်ပြီး အစစအရာရာ ကူညီပေးတယ်လေ။ တစ်ခုတော့ ရှိတာပေါ့။ ဟိုမှာက ဒီလိုအိမ်ထမင်း အိမ်ဟင်းကို နွေးနွေးထွေးထွေး စားရခွင့်ကရှားတယ်။ အဲ့တော့ ရောက်တုန်း ဒေါ်လေးချက်ကျွေးသမျှ အကုန်စားသွားရမယ်"
သူမအပြောမှာ ဟိုဆော့အမေနဲ့အဖေက သဘောတကျရယ်သလို ဟိုဆော့ကလည်း ခပ်ပြုံးပြုံးဖြင့် သူမကို ကြည့်နေမိသည်။
"ဒေါ်လေးကလည်း သမီးကြိုက်တာတွေအကုန်ချက်ကျွေးမှာမလို့ များများသာစား"