ဒယ်ဂူမြို့ရှိ မိဘမဲ့ကျောင်းတစ်ခုထဲသို့ ဝင်လာသော ကားနက်သုံးစီး။
ကားတွေရပ်လိုက်သည်နှင့် အလယ်ရှိကားထဲကနေ ဒရိုင်ဘာတစ်ဦးပြေးဆင်းလာပြီး အနောက်ကားတံခါးအားပြေးဖွင့်သည်။ ထိုကားထဲမှ ၇ နှစ်အရွယ် ကလေးမလေးကိုလက်ဆွဲကာ ဆင်းလာသော အသက်ကြီးကြီးအမျိုးသားတစ်ဦး။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတစ်ဖြစ်လဲ အထက်တန်းကျစွာဝတ်စားထားသည့် သူ၏ပုံရိပ်တွင် အထင်ကြီးလေးစားစရာအရှိန်အဝါများကိန်းအောင်းနေသည်။
မြေးမလေး၏ လက်ကို ဆွဲကာ ယနေ့အလှူပြုမည့် မိဘမဲ့ကျောင်း၏ဂေဟာမှူးရုံးခန်းအတွင်းဝင်သွားလိုက်သည်။ မိနစ်အနည်းငယ်ကြာ စကားပြောဆိုပြီးနောက် လှူမည့်ပစ္စည်းများဝေမည့် နေရာသို့ထွက်လာလိုက်ကြသည်။
"မမ"
ပစ္စည်းဝေမည့် နေရာတွင် ဂျောင်မိသားစုက ကြိုရောက်နေကာ ကူညီပေးနေကြသည်။ သူတို့မြေးအဘိုးရောက်လာသည်ကို မြင်သည်နှင့် ငါးနှစ်အရွယ် ဟိုဆော့ကလေးဟာ ချယ်ယောင်းလေးဆီပြေးလာသည်။
လူကြီးတွေလုပ်နေသည်များကိုသာ လိုက်ကြည့်ရင်း ပျင်းနေရှာသည့်ကလေးငယ်ဟာ သူ၏ကစားဖော်ကစားဖက်ကို တွေ့သည့်အချိန်တွင်ပျော်သွားသည့်ဟန်။ ချယ်ယောင်းလေးကလည်း ကလေးပီပီ ပြေးလွှားချင်ပေမဲ့ အဘိုးဖြစ်သူကြောင့် ငြိမ်ငြိမ်လေးသာ နေနေရသည်။
သူဌေးဂျောင်နှင့် သူဌေးကတော်တို့က သူတို့အနားရောက်လာကာ နှုတ်ဆက်စကားဆိုကြသည်။ ယနေ့အလှူအတွက် သူတို့တွေအားလုံး ဆိုးလ်ကနေ ဒယ်ဂူသို့ရောက်လာကြခြင်းဖြစ်သည်။
ချယ်ယောင်း၏အဘိုးဟာ ချယ်ယောင်းအမေ၏နှစ်ပတ်လည်နေ့ရောက်တိုင်း ဆိုးလ်မှာ အလှူပြုတတ်ပေမဲ့ ယခုအခါတွင်တော့ ဒယ်ဂူမြို့တစ်နေရာက မူကြိုကျောင်းဘေး၌ရှိသည့် ဒီမိဘမဲ့ဂေဟာကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ကာ လာရောက်ခဲ့ခြင်းဖြစ်သည်။
တစ်ဖက်ရှိ မူကြိုကျောင်းဝင်းထဲတွင်တော့ ကျောင်းဆင်းပွဲအတွက် ပြင်ဆင်လှုပ်ရှားနေကြသည့် ပုံရိပ်များကိုတွေ့ရသည်။