- 6 -

129 28 29
                                    

တက္ကသိုလ် ဝင်ခွင့် စာမေးပွဲနေ့။

ဒီနေ့ကတော့ ဝွန်ဘင်း အစောင့်စားခဲ့ရဆုံး နေ့လို့ ပြောရင် မှားစရာ အကြောင်းမရှိ။ အိမ်က မိဘတွေက ဝွန်ဘင်းကို ကျောင်းရှေ့အထိ သေချာ လိုက်ပို့ကာ ယတြာအနေနဲ့ ကောက်ညှင်းဆန်မုန့် ကျွေးနေတာတွေကို ပါးစပ်အပြည့် ထိုင်ဝါးနေရပြန်ရော။

"မေမေတို့ အပြန်ထိ မစောင့်နဲ့နော် ဒီနှစ်က အအေးစောတာ"

မနက်စောစောဆိုတော့ အချမ်းပိုနေတဲ့ နေ့မှာ မိဘတွေကို သူ့ကြောင့် ကျောင်းပြင်မှာ တစ်နေကုန် ရပ်စောင့်နေမှာ ဝွန်ဘင်း မလိုချင်။

"အင်းပါ သိပါတယ်"

"သိပါတယ် ပြောပြီး မပြန်ရင် သား စိတ်ဆိုးမှာနော်"

"ဟုတ်ပါပြီကွာ"

ဖေဖေက ဝွန်ဘင်း ဆံစတွေကို ဖွလိုက်ပြီးမှ 'ဆော်ရီး ဖွလိုက်လို့ စာတွေ မေ့ကုန်ဦးမယ်' ဆိုကာ ဆံပင်တွေကို ပြန်သပ်ပေးနေလို့ ဝွန်ဘင်း သဘောကျသလို ရယ်မိပြန်တယ်။

အချိန်ကျပြီမို့ ကျောင်းထဲ သေချာဝင်လာခဲ့ကာ ဝွန်ဘင်း သက်ပြင်းတိုလေးသာ ချမိရော။ ဟုတ်ပါတယ်။ ဝွန်ဘင်းအနေနဲ့ စာလုပ်တယ် ဆိုပေမယ့် ဒီအနေအထားမှာ သူ အများကြီး မမျှော်လင့်ထား။ စာဆိုတာကို ပျော်ပျော်ကြီး လုပ်ခဲ့တဲ့ သူမျိုးထဲမှာလည်း ပါခဲ့တာ မဟုတ်။ အရေးကြီးတာက အောင်ဖို့။

စာမေးပွဲ မေးခွန်းစာရွက်ထဲမှာ သိတာတွေလည်း မြင်နေရသလို မသိတာတွေလည်း ရှိနေပေမယ့် အကောင်းဆုံး ကြိုးစားကာ တွက်ရင်း ချက်ရင်း အဖြေမှန် အမည်းခြစ်လာခဲ့လိုက်တယ်။

၈ နာရီလုံးလုံး မေးခွန်းတွေ ကြည့်လိုက် ဖြေလိုက် နားချိန်မှာ ဟိုငေး ဒီငေးနဲ့ ဖြေလာခဲ့လိုက်တာ စာမေးပွဲခန်းထဲက ပြန်ထွက်လာတော့ ခေါင်းတောင် အငွေ့ပျံမတတ်။

ဖြေလာပြီးပြီ။ သူ အများကြီးလည်း မမျှော်မှန်းထားတာမို့ စိတ်ပေါ့သွားသလို တကိုယ်တည်း ကြားအောင် ခပ်တိုးတိုး ရယ်လိုက်ပြီး ကျောင်းပြင်ကို ခေါင်းလေး ငုံ့ကာ ထွက်လာခဲ့လိုက်တယ်။

ခြေလှမ်းတွေကိုပဲ ကြည့်ကာ လျှောက်နေမိလို့လား မသိ၊ ရှေ့မှာ လူရပ်လာကာ ထိုလူ ရင်ဘတ်ကို ဝွန်ဘင်း ခေါင်းနဲ့ ဝင်တိုက်လိုက်မိတာမို့ လန့်သွားရင်း မော့ကြည့်ပြီး တောင်းပန်မယ် အလုပ် နားအုပ်လေးကို တပ်ပေးလိုက်တဲ့ သူကြောင့် ဝွန်ဘင်း အလှဆုံး ပြုံးလိုက်မိတာ။

Chef 119Where stories live. Discover now