Part 4

404 43 7
                                    

ကော်ဖီဆိုင်လေးထဲတွင် စန္ဒယားတီးသံဟာ ပျံ့နှံ့လျက်။ တေးသံမှာ တိုးသည်လည်းမဟုတ် ကျယ်သည်လည်းမဟုတ်။ ခပ်ငြိမ်ငြိမ်ကလေးနှင့် နားထောင်ချင်စဖွယ်သာ။

ကော်ဖီနံ့ခပ်သင်းသင်းသည် ဗျူး၏နှာခေါင်း၀၌ တစ်ဝဲလည်လည်ဖြင့်။ တိတ်ဆိတ်နေသည့်ကော်ဖီဆိုင်လေးတွင် စန္ဒယားတီးသံနှင့် စာရိုက်သံတစ်ချို့ဟာ ပနံသင့်စွာလိုက်ဖက်လျက်ရှိနေသည်။

ဗျူး၏စားပွဲပေါ်တွင် လပ်တော့ပ်တစ်လုံးနှင့် အမေရီကာနိုကော်ဖီအေး တစ်ခွက်သာရှိသည်။ သူမ၏ စာတစ်တောက်တောက်ရိုက်‌နေသည့်ပုံမှာ အလုပ်ရှုပ်နေဟန်။ လုပ်လိုက်စအလုပ်အား လက်စသတ်ကာ ဗျူးလပ်တော့ပ်မှနာရီအားတစ်ချက်ကြည့်လိုက်သည်။

"နေ့လည်တစ်နာရီတဲ့လား.."

ဗျူး ပန်းဆိုင်မှပြန်လာကတည်းက ကော်ဖီဆိုင်တွင် ရောက်နေခြင်းသာ။ ဗျူးသည် ပုံမှန်အားဖြင့် Company အားမသွားဖြစ်၊ အိမ်တွင်သာ လပ်တော့ပ်တစ်လုံးနှင့် မာမီ့အလုပ်များအားကူလုပ်ပေးခြင်းသာ။ အရေးတကြီးအစည်းအဝေးများရှိမှသာလျှင် လူကိုယ်တိုင်သွားခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ ဗျူး၏မာမီသည် Company သို့ မကြာခဏလာရန်တိုက်တွန်းတတ်သော်လည်း ဗျူးအမြဲပင်ကန့်ကွက်မိသည်။ အိမ်တော်မှာ ပိတ်မိနေရတာနဲ့တင် တော်ရောပေါ့..

ဒီကော်ဖီဆိုင်အား ဗျူး၏ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူတစ်‌ယောက်ထံမှ နားစွန်နားဖျားကြားခဲ့ဖူးသောကြောင့် လာရောက်ဖြစ်ခြင်းသာ။ သို့သော် ဤကော်ဖီဆိုင်ငယ်လေးသည် ဗျူးအဖို့လုံလောက်ပါသည်။ အရမ်းကျယ်သည့်အနေအထားမဟုတ်သော်လည်း သက်တောင့်သက်သာရှိလှသည်။ မီးရောင်များသည် လိမ္မာရောင်ဖျော့ဖျော့များသာဖြစ်ကြသဖြင့် အညိုရင့်ရင့်ဆေးချယ်‌ထားသောနံရံနှင့် နံရံပေါ်မှ ကော်ဖီပိုစတာတချို့တို့နှင့် လိုက်ဖက်လွန်းလှသည်။ ဆိုင်တွင်းမှ အလှဆင်ထားသည့် ပစ္စည်းတိုင်းသည် ရိုးရိုးရှင်းရှင်းဖြင့် မျက်စိကျစရာများပင်ဖြစ်နေတော့သည်။

ဗျူးလပ်တော့ပ်အား ပိတ်သိမ်းလိုက်ကာ နေ့လည်စာစားရန် အသားညှပ်ပေါင်မုန့်တစ်ခုသာ မှာလိုက်သည်။ စန္ဒယားတီးသံသည် သူမအလုပ်အားအာရုံစိုက်လုပ်နေသည့် အချိန်တုန်းကထက် အနည်းငယ်ပို၍ကျယ်လာသယောင်။

𝐓𝐡𝐞 𝐘𝐞𝐥𝐥𝐨𝐰 𝐓𝐮𝐥𝐢𝐩𝐬 Where stories live. Discover now