Part 5

520 37 9
                                    

ဗျူးကော်ဖီဆိုင်လေး၌ အချိန်ဖြုန်းနေရာမှ အိမ်သို့မပြန်သေးပါဘဲ စာကြည့်တိုက်အ‌သေးလေးဆီ ခြေဆန့်မိသည်။ ကော်ဖီဆိုင်နဲ့ အလှမ်းသိပ်မဝေးသော နေရာတွင် တည်ရှိနေသည့် စာကြည့်တိုက်လေးမှာ ကျဉ်းတယ်ဆိုသော်ငြား သန့်သန့်ရှင်းရှင်းလေးဖြင့်သာ။ အရောင်ခပ်မှိုင်းမှိုင်းများဖြင့် စာကြည့်တိုက်လေးမှာ ဂန္တ၀င်ဆန်နေဟန်။

စာအုပ်များရွေးရင်း ကျယ်လောင်စွာမြည်‌လာသော ဖုန်းသံကြောင့် ဗျူးမျက်လုံးပြူးရပြီ။ ခပ်လှမ်းလှမ်းတွင် ရှိသော စားပွဲနှင့်ဆိုဖာများ၌ ထိုင်ကာ စာဖတ်နေသည့် လူများအား အားတုံ့အားနာဖြင့် ပြုံးပြလိုက်ကာ ဖုန်းအားကိုင်လိုက်သည်။

"ဟယ်လို မာ.."

"ဗျူး ဘယ်ရောက်နေတာလဲ။"

"ဟာ မာမီကလည်း.. မအော်လည်း ကြားရပါတယ်။"

ဗျူး Speaker မဖွင့်ထားသဖြင့် နားနားကပ်ထားသော ဖုန်းအား အနည်းငယ်ခွာလိုက်ကာ အူသွားသည့်နားတစ်ဖက်အား ခပ်ဖွဖွပွတ်လျက် လေသံတိုးတိုးဖြင့် စကားဆိုမိသည်။ မိခင်ဖြစ်သူ၏ အသံပါဝါမှာ စီးပွားရေးလောကထဲမ၀င်ဘဲ အနုပညာ‌လောကထဲ၀င်၍ အဆိုတော်ပင်လုပ်လို့ရနိုင်သည်။

"အပိုတွေပြောမနေနဲ့ ဗျူး။ company က ပြန်လာလာချင်း ပန်းစည်းပဲတွေ့တယ် လူမတွေ့ဘူး။ ဘယ်တွေသွားနေတာလဲ။ မင်းက သာမန်လူမဟုတ်ဘူးနော်.. တစ်ယောက်တည်းလျှောက်သွားနေတာ မင်းအတွက် အန္တရာယ်သိပ်များတယ်။"

"ဗျူးက သာမန်ပါပဲ မာမီရယ်။ ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်လာတဲ့ လူတွေထဲကလူတစ်ယောက်သာသာပဲ.. နောက်ပြီး ဗျူးအသက်မငယ်တော့ပါဘူး စိတ်မပူပါနဲ့။"

"တော်.. ဆင်ခြေတွေလာမပေးနဲ့။ ကားမပါသွားဘူးမလား။ လာကြိုဖို့ လူလွှတ်လိုက်မယ်။"

"မာမီရယ် တော်ပါ။ ဗျူးနောက်တစ်ကောက်ကောက်လိုက်နေတဲ့ ကောင်လေးနှစ်ယောက်ကို ဗျူးရိပ်မိတာကြာပါပြီ။ မာမီ့လူတွေမလား.. ဟန်ဆောင်မနေပါနဲ့။"

ဗျူး ပြတင်းပေါက်မှတစ်ဆင့် သူမအား ကြည့်ရင်း ကုပ်ချောင်းကုပ်ချောင်းလုပ်နေသော ကောင်လေးနှစ်ယောက်အား လှမ်းကြည့်၍ ခပ်ဟဟရယ်ကာ စကားဆိုမိသည်။ ထိုကောင်လေးနှစ်ယောက်အား သူမ ပန်းဆိုင်မှအပြန်ကတည်းကပင် သတိထားမိခြင်းဖြစ်သည်။ အားနာလို့သာ မသိချင်ယောင်ဆောင်ပေးနေရတာ။

𝐓𝐡𝐞 𝐘𝐞𝐥𝐥𝐨𝐰 𝐓𝐮𝐥𝐢𝐩𝐬 Where stories live. Discover now