👥️Chapter 5
သူနှင့် ရင်းနှီးသူတိုင်း၏ မျက်နှာထက်တွင် အံ့ဩနေသည့် အငွေ့အသက်များ ထွက်ပေါ်လာကာ အချို့ကမူ ဤ မုန်းတီးစရာ သခင်လေးကို ရန်မစရဲသည့်ဟန်ဖြင့် သုတ်သုတ်ပျာပျာ ရှောင်ဖယ်သွားခဲ့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် ခေါင်းချင်းဆိုင်ကာ တီးတိုးစကား ဆိုနေကြသူများလည်း ရှိနေခဲ့၏။
“ဟေး ယန်အန်းယု ...”
ထိုစဉ် ကျောင်းသားသုံးယောက် ရုတ်တရက် ထွက်ပေါ်လာကာ သူ့လမ်းကို ပိတ်ထားလိုက်ကြသည်။ သုံးယောက်အနက် အသားပိုဖြူကာ အချိုးအစား ပိုမိုပြေပြစ်သူက ရှေ့သို့ တိုးလာကာ သူ့ကို အေးစက်စွာဖြင့် လှောင်ပြောင်လိုက်၏။
ချန်းယွီတက္ကသိုလ်တွင် ယန်အန်းယုအပြင် ကြွယ်ဝသည့် မိသားစုမှ လာကြသည့် အခြားကလေးများလည်း အများအပြား ရှိနေကာ ကောလီရှုသည် ထိုအထဲမှ တစ်ဦးအပါအဝင် ဖြစ်သည်။ သူ့မိသားစုသည် အဝတ်အစားကုမ္ပဏီတစ်ခုကို တည်ထောင်ထားကာ သူ့အစ်ကိုကြီးဖြစ်သူက မိသားစုစီးပွားရေးကို အမွေဆက်ခံခဲ့သည်။ သူကမူ အကပညာတွင် ထူးချွန်သောကြောင့် အနုပညာလောကထဲသို့ ဝင်ရောက်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။
“ဟမ့် မင်းလို ငကြောက်ကောင်က နောက်ဆုံးတော့ ကျောင်းလာရဲသွားပြီပေါ့ ငါ့ကို တစ်သက်လုံးများ ပုန်းနေတော့မှာလားလို့တောင် တွေးနေတာ ...”
ကောလီရှုက မေးကို မော်ချီကာ ရန်စလိုသည့် လေသံဖြင့် ပြောလိုက်သည်။
ဘေးနားတွင် ရှိနေသည့် ကျောင်းသားများကလည်း အံ့ဩတကြီး ဝိုင်းအုံကြည့်နေကြ၏။ နှစ်ဦးလုံးမှာ ဖျော်ဖြေရေးအနုပညာကျောင်းသားများ ဖြစ်သည့်အပြင် အတန်းချင်းမှာလည်း ကပ်လျက်ဖြစ်သော်ငြား ယန်အန်းယုနှင့် ကောလီရှုတို့သည် အမြဲလိုလို ရန်ဘက်များ ဖြစ်ခဲ့ကြရာ သူတို့နှစ်ဦး ထိပ်တိုက်ဆုံကြခြင်းမှာ အားလုံးအတွက် ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်နေတော့သည်။
ယန်အန်းယုက ကြောင်အသွားရ၏။ သူ့ရှေ့တွင် ရှိနေသူကို မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိနေပြီ ဖြစ်သည့်တိုင် ကောလီရှု၏ စကားထဲမှ ရန်စလိုသည့် လေသံကို လုံးဝဥဿုံ လျစ်လျူရှုကာ မျက်နှာသေဖြင့်သာ ပြောလိုက်သည်။
YOU ARE READING
ရုပ်ရှင်ဧက္ကရာဇ်၏ခေတ်ဟောင်းမှချစ်ဇနီးလေး
RomanceTITLE - Film Emperor's Adorable Wife From Ancient Times ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှ ချစ်ဇနီးလေး Synopsis [ ရှေးခေတ်မှ ခေတ်သစ်သို့ ကူးပြောင်းလာသည့် လက်ထပ်ပြီးမှ ချစ်မိသွားကြသော သက်တော်စောင့်ငယ်လေးနှင့် ရုပ်ရှင်ဧကရာဇ်တို့၏ အနုပညာလောကထဲတွင် ရုန်းက...