" တစ်နွေပြီးတစ်နွေပြောင်းလဲသွားတာတောင်မှ မပြောင်းလဲသေးတဲ့နှလုံးသားတစ်စုံနဲ့ ပြေးလွှားနေဆဲပုံရိပ်တွေ "
Author - Moon
_______________________________________________________အမှတ်တရနွေ .
နွေ...
နွေရာသီတောင်ပြန်ရောက်ပြီတဲ့လား...ရွာထိပ်မှာတစ်ပင်တည်းသောအပင်အိုကြီးသည် ယခုအချိန်ဆိုလျှင် သစ်ရွက်ခြောက်များနှင့်လှပလျက်ပင်။ ရွက်ခြောက်အချို့သည်ကြွေကျနေပြီး ကြွေကျနေသောရွက်ခြောက်များထဲမှာတစ်ရွက်ကိုသူဖမ်းကာ ပြုံးနေလေသည်။
အီဟန်ရွာကိုရောက်တိုင်း ထိုအပင်ကြီးအောက်တွင်သာထိုင်ရင်း အချိန်များကိုကုန်ဆုံးစေသည်။
ချစ်ခြင်းအစသည် ယင်းအပင်ကြီးအောက်မှစတင်ခဲ့ခြင်းဖြစ်လေသည်....
အပင်ကြီးသည် တောင်ကုန်းမို့မို့လေးပေါ်တွင်ရှိနေပြီး ထိုနေရာမှကြည့်လျှင် လယ်ကွင်းများကိုမြင်နေရသည်။ ဝါထိန်နေသောလယ်ကွင်းများနှင့် ထိန်လင်းနေသောနေရောင်ခြည်တို့သည် လှပလိုက်ဖက်စွာပင်။
အီဟန်တစ်ယောက် သစ်ပင်ကြီးကိုမှီလိုက်ထိုင်ကာ ငေးမောနေရင်း အတိတ်ကိုပြန်တွေးမိပြန်သည်။
............
အီဟန်အသက် ၁၃နှစ်အရွယ်ပင်
ပထမဆုံးခရီးထွက်ဖူးခြင်းဖြစ်သည်။စာကိုသာအာရုံစိုက်နေရပြီး အပြင်လည်းထွက်ခွင့်မရှိ၊ စည်းကမ်းတင်းကြပ်လှသောမိဘများကြောင့် တစ်ချိန်လုံးအိမ်မှာသာခြေချုပ်မိနေသည့်သူ့အတွက် အိမ်မှအချိန်အကြာကြီးနှင့် အဝေးဆုံးကိုသွားရခြင်းသည် စိတ်လှုပ်ရှားစေမိသည်။
အမေကသူ့ညီမ၀မ်းကွဲတို့နေသောရွာဖြစ်ကြောင်းနှင့် သူတို့သည် တောသူဌေးများဖြစ်ကြောင်း၊ လယ်ကွက်တွေအများကြီးနှင့် မြေကွက်တွေအများကြီးပိုင်ဆိုင်ကြောင်း၊ ထိုနေရာသို့ရောက်လျှင် မောင်နှမ၀မ်းကွဲများနှင့်သင့်သင့်မြတ်မြတ်နေပြီး လိမ်လိမ်မာမာနေရန်ပြောခဲ့သည်မှာ ခရီးလမ်းတစ်လျှောက်လုံးနီးပါးပင်ဖြစ်သောကြောင့် အီဟန်အလွတ်ပင်ရနေလေပါပြီ။