July 23..
တစ်နှစ်ပြည့်ပါပြီတဲ့..
သိပ်မထူးခြားမနားပါဘဲ။ စာမေးပွဲဖြေခါနီးတွေ့လိုက်ရတော့ ခပ်ရေးရေးလေးပြုံးရုံပဲတတ်နိုင်တော့တယ်။ ငါက သူ့ကို ရအောင်ကြိုးစားပြီး move on နေပြီမဟုတ်လား။ ဒီအတိုင်း အမှတ်တရနေ့လေးဖြစ်ရုံပဲပေါ့။July 23..
San Francisco မှာ ဒီနေ့မှ မိုးတွေသည်းကြီးမည်းကြီးရွာနေတာ။ ကျောင်းဆောင်အမိုးရှေ့မှာရပ်ရင်း မိုးရေစက်တွေကိုထိုင်ကြည့်နေမိတဲ့ငါက ရုတ်တရက်ပါပဲ မနက်တုန်းက ဝင်လာတဲ့ အမှတ်ရစရာတစ်ခုကြောင့် အဲ့သည်အမှတ်တရရဲ့ဖုံးလွှမ်းခြင်းကိုခံလိုက်ရတယ်။
အော .. နှစ်နှစ်
တစ်စုံတစ်ယောက်ကို အတည်တကျစသဘောကျခဲ့မိတာ နှစ်နှစ်ပြည့်။မိုးရေစက်တွေရဲ့အေးစက်မှုတွေ နှလုံးသားထဲ တိုးဝင်လာသယောင်ခံစားချက်ပါပဲ။ ဒါက ခပ်ရေးရေးပေါ်ထွက်လာတဲ့ ဆွေးမြေ့ခြင်းတွေနဲ့ပေါင်းပြီး ပိုအေးစက်လာတာဖြစ်မယ်။
လက်နှစ်ဖက်ကိုခပ်တင်းတင်းလေးဆုပ်ကိုင်မိလိုက်တာတောင် နှလုံးသားကတော့ တည်တည်ငြိမ်ငြိမ်။
မထူးခြားတော့ဘူးမဟုတ်လား။ ထပ်ပြီး အမှတ်တရနေ့ပဲဖြစ်ပြန်တာပဲ။
မသေချာခဲ့ပေမယ့် အဲ့သည်နေ့တစ်ဝက်ရဲ့နာရီလက်တံတွေက အမှတ်တရအချို့ရဲ့ လွှမ်းမိုးခြင်းကိုခံခဲ့ရတယ်။
July 23..
မေ့နေခဲ့တာမဟုတ်ဘူး။ သတိတရသိပ်မရှိတာ။ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပွဲမှာရောက်နေခဲ့တဲ့ငါက ဝီစကီရဲ့ခါးသက်ခြင်းကိုပဲ တစ်ခုတ်တရအဖြေထိုင်ထုတ်နေမိတာ။
သုံးနှစ်မြောက်ခဲ့ပြီပဲ။ သတိတရသိပ်မရှိတော့ဖို့သင့်ပြီပေါ့။
ထပ်ပြီး July 23 ပေမယ့် ထပ်ပြီး အမှတ်တရတွေ မလွှမ်းမိုးနိုင်ခဲ့တဲ့ ရက်စွဲပါပဲ။ ဒါဟာ သေချာပေါက်ကို 100/0 ဖြစ်နေခြင်းမဟုတ်ပါလား။
July 23..
Assignment အတွက် တစ်နာရီပဲအိပ်ပြီး ကြိုးစားခဲ့တဲ့ငါ တစ်နေကုန် သေနေခဲ့တာ။