Blue Dragonဟု သစ်သားဆိုင်းဘုတ်ထည်ထည် ဝါဝါ ကြီးချိတ်ထားသော အဖြူရောင်အုတ်တံတိုင်းအမြင့်ကြီးခတ်ထားသော အိမ်ခြံဝင်းအတွင်းသို့ဝင်ရောက်လာသောအခါ တည်တံ့မောင်မှာ အံ့ဩဝမ်းနည်းခြင်းများဖြစ်တည်လာပါတော့သည်။ အဘယ်ကြောင့်ဆ်ိုသော် Blue Dragonနှင့်ကပ်ရက် ရှိနေခဲ့သော သီးပင်စားပင်နှင့် သစ်သားအိမ်ဖြူဖြူလေးရှိခဲ့သော တနည်းအားဖြင့် မြနှင့်သူမ၏မေမေတို့နေထိုင်ခဲ့သော တစ်ဖက်ခြံကြီးနေရာ၌ မြနှင့်ပတ်သက်သည့် ဘာအရိပ်အရောင်မှမကျန်တော့ပဲ ထိုခြံနေရာ၌ Top One Private School ဆိုတဲ့ ဟီးထနေသောဆိုင်းဘုတ်ကြီးဖြင့် ကိုယ်ပိူင်အထက်တန်းကျောင်း ၅ထပ်ဆောင်ကြီးသည် ထည်ဝါနေအောင်တည်ရှိနေပါတော့သည်။ ရုတ်တရင် မြနှင့်အသက်ချင်းဆက်နွယ်ဖြစ်တည်ခဲ့ပါသည်ဟူသော ကံ့ကော်ပင်ကြီးအားဝေ့ဝဲကာ ရှာလိုက်သောအခါ ကံ့ကော်ပင်နှင့်တူသည့် မည်သည့်အပင်မှမဆိုထားနှင့် ထိုကျောင်းဝင်း၌ သစ်ပင်နှင့်တူသော မည်သည့်အစိမ်းရောင်မှမတွေ့ခဲ့ပါ။ တိုက်ဆိုင်သည်ကြောင့်လား ကံတရားကြောင့်သည်လားမသိပေ ၊ မြ မွေးသော နေ့မှာမှ မြတို့၏ သစ်သားအိမ်ဖြူဖြူလေးနဲ့ကပ်ရက် ခြံထောင့်မှ တစ်သက်လုံးမြုံနေပြီး ဘယ်သောအခါမှမပွင့်ခဲ့သော ပတ်ဝန်းကျင်ကပင်ပြောစမတ်တွင်ခဲ့ရသော ကံ့ကော်ပင်အိုကြီးသည် အပွင့်များပင်လုံးကျွတ် ပြွတ်သိပ်နေအောင် အဖူးထိုး၍ တခြံလုံးတစ်ရပ်ကွက်လုံးမွေးသွားလေအောင် ပွင့်ခဲ့ပါတော့သည်။ မြ မွေးဖွားလာသည့်နေ့မှစ၍ မြနောက်ဆုံးအသက်ရှင်ခဲ့သည့် နှစ်ကာလအထိ ၁၆နှစ်လုံးလုံး နှစ်စဉ်နှစ်တိုင်း သူ့ရာသီချိန်ခါရောက်တိုင်း တစ်နှစ်မပြတ်ပင်လုံးကျွတ်အပွင့်ထိုးနေခဲ့သော ကံ့ကော်ပင်ကြီးသည် မြ လောကကြီး၌မရှိတော့သည့်နောက်ပိုင်း၌ ရှင်သန်လည်းဘာမှမထူးတော့ဘူးဟုထင်ခဲ့၍များအလိုလို အမြစ်ပုပ်ပြီးသေသွားလေသလား ဒါမှမဟုတ် နောက်ခြံရှင်များကခုတ်ပစ်ခဲ့လေသလားတော့မပြောတတ်တော့ပါ။ ကံ့ကော်နှင့်အတူမွေးဖွားလာသော မြ ကို "မြကံ့ကော်" ဟု မြမေမေမှ အမည်နာမ သတ်မှတ်ပေးခဲ့ပြီး မြ သည်လည်း လောကကြီး၌ အလှဆုံး ၊ အထူးသဖြင့် တည်တံ့မောင်၏ မျက်စိ၌ အလှဆုံးဖြစ်ခဲ့သော ငယ်သူငယ်ချင်း၊ အိမ်နီးချင်း၊ ကျောင်းနေဖက်၊ အချစ်ဦး ဖြစ်ခဲ့ပါတော့သည်။ တည်တံ့မောင်၏ အတိတ်ဆီသိူ့လွမ်းချင်းများသည် အဖိုးဖြစ်သူ ဦးမင်းဟန်၏ အသံကြားမှသာ ပစ္စုပ္ပန်သို့ပြန်လည်ရောက်လာခဲ့ပါတော့သည်။