အနုံ
လမင်းမိုမို
[၁]✰✰✰✰✰
မည်းမည်းခက်ခက် စိုစိုလက်လက် ဂျပန်ဆံထောက်ပုံ ဆံပင်တို ဖောင်းဖောင်းကလေးတွင် ကြွက်ကိုက်ရာကဲ့သို့ ဟိုတစ်ကွက် ဒီတစ်ချက် ကပ်ကြေးစာ မိထားသဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဆံပင်ကလေးနှင့် ဆယ်နှစ်ရွယ် ကလေးမကလေးသည် အရွယ်လေးနှင့်မလိုက် သူ့တစ်ဖက်စာ အများကြီးကျော်သော ရေနွေးဆူဆူအပြည့် ဒန်အိုးကြီးကို လက်ခုနှင့်ညှပ်ကာ တစ်လှမ်းချင်း ရှုံ့မဲ့သယ်လာဆဲ...။
“ဟဲ့... ခုထိ ပေါ်မလာသေးဘူးလား”
ရေချိုးခန်းဆီမှ အသံကျယ်ကြီးကြောင့် ခြေလှမ်းကလေးကို ဒီထက်ပိုကာသွက်မိလျှင် ရေနွေးတွေက ဘောက်ဘက်ခတ်ကာ ကလေးမလေး၏ လက်ခုံပေါ် တစ်စက်နှစ်စက်စင်သွား ရတော့၏။
"အမလေး... "
တိုးတိုးလေး အော်ညည်းရှုံ့မဲ့ကာ မျက်လုံးရွဲကြီးတို့တွင် မျက်ရည် အိကနဲ ဝိုင်းလျှံတက်လာသည်။
"ဟဲ့- ဟိုငနုံမ၊ ခုထိရောက်မလာသေးဘူးလား၊ အမလေး ယိုးဒယားက ထွက်နေတယ်များ မှတ်နေလား၊ ဒီမှာ အင်္ကျီကျွတ်နဲ့ ကြာလှပြီ၊ အအေးပတ်သေရတော့မယ်"
ကလေးမလေးသည် ရေနွေးပူထက်ပင် ကြောက်ရသေးသော ထိုအမျိုးသမီးကြီးကို ဘာတစ်ခွန်းမှ စောဒကမတက်ဝံ့ပါ။ သူမကြီး ရေချိုးမည့် ပလတ်စတစ် ဇလုံအကြီးကြီးထဲ ရေနွေးအိုးကို စောင်းကာ တစ်ဝက်ခန့် သွန်ချလိုက်သည်။
ရေနွေးပူငွေ့တွေ လုံးကနဲ ဟပ်ကာ လက်ကလေးနှစ်ဖက် တအားပူလောင်လှသဖြင့် ညည်းညူမိ
သည်ဆိုလျှင် ..."အား..."
"အမလေးဟဲ့၊ နုမနေနဲ့၊ နင်ကဘာလဲ၊ ဘုရင့်သမီးတော်လား၊ တော်တော့၊ ရေအေးရောတော့"
ပြောလဲပြော လက်ဆစ်လေးချောင်း ပူးကလဲ ခေါင်းပေါ် ဒေါင်ကနဲ ပြုတ်ကျလာသဖြင့် ကလေးမလေးမှာ ရေနွေးအိုးကိုချ၊ ခေါင်းကို လက်တစ်ဖက်ကပွတ်၊ အုတ်ကန်ကြီးထဲမှ ရေများကို ဖလားနှင့်ခပ်ကာ ပလပ်စတစ် ဇလုံထဲ တဗွမ်းဗွမ်း ရောရသည်။
“ပွတ်မနေနဲ့၊ ဒီလက်က”
လက်ကို ဆွဲဖယ်ကာ နေရာရွှေ့လိုက်သော အမျိုးသမီးကြီးသည် ကလေးမလေးချထားသော ရေနွေးအိုး နှုတ်ခမ်းနှင့် ခြေသလုံး ကပ်မိကာ...