အနုံ
လမင်းမိုမို
[၅]✰✰✰✰✰
ညနှင့်မနက် ၂၄နာရီ ဂျူတီ ဆက်သွားသဖြင့် မနက်ရှစ်နာရီခွဲ လောက် အိမ်ပြန်ရောက်လာပြီးသည်နှင့် ရန်ပုံခွင်း စားသောက် ရေမိုးချိုးပြီး ဆယ်နာရီလောက်ကစ အိပ်ပျော် သွားလိုက်သည်မှာ ညနေတော်တော်ကြီးစောင်းမှပဲ အိပ်ရာ နိုးလာသည်။ အိပ်ရေးဝဝနှင့် အိပ်ရာမှ နိုးလာရသဖြင့် ကြည်လင်နေသော စိတ်နှင့် အခန်းထဲမှ ကက်ဆက်ကို ခပ်တိုးတိုးဖွင့်ပြီး … မျက်နှာသစ်သည်။ မျက်နှာကိုသုတ်ရင်း မွေးပွတဘက်ကြီး ပုခုံးတစ်ဖက် တစ်ချက်မှချလျက် အိမ်ရှေ့ဧည့်ခန်းဖက် ထွက်လာသည်။
မိုက်ကယ်ဂျက်ဆင်ရဲ့ ဘလက်ခ်အင်ဝှိုက် သီချင်းကို ပါးစပ်မှ အော်ကျယ်အော်ကျယ်နှင့် စည်းဝါးမကျညည်းရင်း ထမင်းစားခန်းသို့ ဦးတည်လျှောက်ခဲ့သော ရန်ပုံခွင်းသည် ဧည့်ခန်းကို ဖြတ်ကျော်လာပြီးကာမှ ထမင်းစားခန်းဝ အရောက်တွင် စိတ်ထဲ မသိုးမသန့်ရှိကာ ဧည့်ခန်းဖက် ခြေလှမ်းဆုတ်ပြီး ကြည့်လိုက်သည်။
ဟင်...
လူတစ်ယောက် ရှိနေသည်ထင်သော စိတ်ကြောင့် ပြန်ကြည့်လိုက်သော ရန်ပုံခွင်းသည် တကယ်ပဲ လူ တစ်ယောက် ရှိနေတာကို တွေ့ ရသောအခါ မျက်နှာတစ်ခုလုံး ဖြန်းကနဲ ပန်းဆီပက်ဖြန်းလိုက်သလို အနီရင့်ရဲသွားရ၏။ သူသည် သီချင်းကို အချိုးမကျ ညည်းရင်း လူပါအချိုးမကျ ကွတတ ဒူးဆတ်ကာ လျှောက်လာသေးသည် မဟုတ်လား။
"အော်..."
မေးတစ်ချက်ဆတ်ကာ ရှက်ရဲသော မျက်နှာနှင့်ပင် ကောင်မလေးကို နှုတ်ဆက်ပြုံးပြလိုက်ပါသည်။ ခါတိုင်းတော့ ဖေဖေနှင့် အတူရှိနေကျ။ ဒီနေ့ကျမှ သူလေးတစ်ယောက်ထဲ ထိုင်နေသည်။ မေမေက တော်ရုံတန်ရုံ ဧည့်သည်လာလို့ များတော့ အခန်းတွင်းမှ ရေးကြီးခွင်ကျယ်လုပ်ပြီး ထွက်တတ်မလာတတ်သူပီပီ ထိုကောင်မလေးကိုလဲ တကူးတက ထွက်ဧည့်ခံနေလိမ့်မည် မဟုတ်။
ကောင်မလေးသည် ဧည့်ခန်းကျယ်ကြီးဒေါင့်တွင် တစ်ယောက်ထဲ ငုတ်တုတ်။
“ဖေဖေရော”
တစ်ကြိမ်မှ မှတ်မှတ်မိမိ စကားမပြောဖူးသော်လဲ မျက်လုံးချင်း ဆုံဖူး၊ ပြုံးပြဖူး စသဖြင့် စိတ်ထဲကတော့ တရင်းတနှီး ဖြစ်နေသဖြင့် သူလှမ်းမေးလိုက်ပါသည်။