အနုံ
လမင်းမိုမို
[၄]✰✰✰✰✰
“ဒေါက်တာခွင်း၊ ထိုင်စရာမရှိရင် ဒီဝိုင်းလာပါလား”
ဆေးရုံကဲင်တင်းထဲ ဝင်လာသော ဆရာဝန်လေးသည် ဆံပင်တိုကပ်ကလေးကို သပ်ကာပြုကာ လူကြပ်ကြပ်ထဲ စားပွဲလွတ်ရှာနေဆဲ စားပွဲတစ်ဝိုင်းမှ ခေါ်လိုက်သံကြောင့် လှည့်ကြည့်လိုက်မိသည်။ လေးယောက်စားပွဲတွင် သုံးယောက်ထိုင်နေတာမို့ တစ်ခုံ လွတ်နေသည်။ တစ်ခြားစားပွဲတွေမှာ နေရာလွတ် လုံးဝ မရှိတော့တာမို့ လှမ်းခေါ်သော စစ်စတာကြီး နော်အဲလာကို ပြုံးပြရင်း... စားပွဲဆီသို့ ရန်ပုံခွင်း လျှောက်လှမ်းလာခဲ့ ပါသည်။
“ဒီအချိန် လူကြပ်တယ် ဒေါက်တာခွင်းရဲ့”
နော်အဲလာ စကားကို ခေါင်းညိတ်ရင်း ဝင်ထိုး လိုက်သည်။
“ဒေါက်တာ ဘာမှာမလဲ"
ဘေးက အမျိုးသမီးကြီးက မေးသည်။ ဒါ ရီဆက်ပ်ရှင်က ဒေါ် တင်ရွှေဆိုတာ မှတ်မိသိရှိနေတာမို့ ရန်ပုံခွင်းက ခေါင်းတစ်ချက် ညိတ်ရင်း...
“ကျွန်တော်ဗိုက်ပြည့်တာစားမှပဲ၊ မနက်က အော်ပရေရှင် တစ်ခုရှိ တာနဲ့ ကော်ဖီလေးတစ်ခွက်ပဲ သောက်ထားတယ် ထမင်းဖြူပဲမှာစား လိုက်မယ်”
နော်အဲလာက ဆိုင်ကစားပွဲထိုးလေးကို လက်ယပ်ခေါ်စဉ် ရန်ပုံခွင်းသည် စားပွဲမှာကျန်နေသေးသော နောက်ထပ် လူတစ်ယောက်ကို သတိပြု ကြည့်လိုက်မိ၏။ ငယ်ရွယ်သေးသော မိန်းကလေးတစ်ယောက်။ ဆေးရုံရဲ့ရုံးဌာနဖက် ဝတ်စုံ ကုတ်လက်တိုဖြူဖြူဘလောက်စ်လေးနှင့် လုံချည်လိမ်မော်၊ တောက်တောက်ကလေးသည် အသားဖြူဖြူ သူ့ ပုံသဏ္ဌာန်လေးနှင့် လိုက်ဖက်နေသည်။ ဆံပင်ထူ ဖရိုဖရဲလေး ချထားတာကို ကြည့်ရင်း ဆေးရုံစည်းကမ်းတွေထဲမှာ ဆံပင်ကို သပ်ယပ်စွာ စည်းနှောင်ထားဖို့ ပါမပါ ရန်ပုံခွင်း စဉ်းစား နေမိသည်။
“ထမင်းဖြူနဲ့ ကြက်သားဟင်းပဲ ယူခဲ့ကွာ”
“ဒေါက်တာ ငါးသလောက်ဥကြော် ရတယ်"
“အေး... ဒါဖြင့် အဲဒါလဲယူခဲ့”
ငါးသလောက်ဥကြော် ကြိုက်ပုံရသော ဆရာဝန်ကို အနုံ မရဲတရဲ ခိုးကြည့်ရင်း ကိုယ့်စိတ်ကူးနှင့်ကိုယ် ရင် တဒိန်းဒိန်း ခုန်နေသည်။ ဒေါက်တာ ရန်ပုံခွင်း။ သူ့နာမည် ကြောင့် ရှေ့ခေတ် မန်းနေပြည်တော်က တပ်မှူးကြီးကို မြင်ယောင်ရမလိုလို။ တိုတိသပ်ရပ်ပုံကျလှသော ဆံပင်နှင့် မပိန်မဝ၊ တောင့်တင်းဖြောင့်စင်းသော ကိုယ်မတ်မတ် အရပ် မားမားကြောင့် ထိုသူမှာ ကြည့်လို့ကောင်းလှပါဘိတကား။ ဇွန်းခက်ရင်းနှင့်ခပ်သွက်သွက်။ သို့သော် သပ်ရပ်စွာ ထမင်း စားနေပုံမှာ လောကကြီးအလယ်ကောင်မှာ သူတစ်ဦးတည်း ထိုင်နေသည့်နှယ်။ ဘေးကိုဂရုမပြု။