အနုံ
လမင်းမိုမို
[၁၂]✰✰✰✰✰
“ဖေဖေ ရုံးဆင်းသွားပလား ကိုဇော်လင်း"
“ဆင်းသွားပြီ ကိုရန်ပုံ၊ နာရီဝက်ကျော်ကျော်ရှိပြီ၊ ဆေးရုံကလား"
"မဟုတ်ဘူး၊ အိမ်ကပါ၊ ကိစ္စတစ်ခုလို့ပါ"
"ရောက်တော့မှာ ကိုရန်ပုံ"
“ဒါပဲနော် ကိုဇော်လင်း”
ရန်ပုံခွင်း ဖုန်းချကာ အဝတ်အစားလဲသည်။ ဖဲပွင့်လိပ်စာကို သူရထားတာ တစ်ပတ်ရှိပါပြီ။ လွယ်ပါသည်။ ရုံးကို ဖုန်းဆက်ပြီး ခပ်တည်တည်မေးလိုက်တာပါပဲ။ ဖေဖေ့အတွင်း ရေးမှူးမလေးက အဆောင်နေတာဆို၊ ဘယ်အဆောင်လဲ၊ ဘယ်ကလဲပေါ့။ ပြီးတော့...
"အော်.. ဒါဖြင့် ဒေါက်တာမာလာဦးတို့ ဖွင့်ထားတဲ့ အဆောင် မဟုတ်ဘူးပေါ့၊ ဆေးရုံက သူငယ်ချင်း ဆရာဝန်မတစ်ယောက် ဖွင့်ထားတဲ့ အဆောင်မှာ ကုမ္ပဏီက အတွင်းရေးမှူးမ တစ်ယောက် ရှိတယ်။ နေပုံထိုင်ပုံ သိပ်မဟုတ်ဘူးဆိုတာ စကားစပ်မိလို့ စိတ်ထဲ ထင့်ကနဲနဲ့ မေးကြည့်တာ၊ ဟိုကောင်မလေးက စံရိပ်ငြိမ်မှာနော်၊ ဒါဆို မဟုတ်တော့ဘူး၊ အိုကေ . . . အိုကေ"
စကားကို ကိုယ်ပြောချင်တာပဲပြောပြီး ဖြတ်လိုက်ရုံပဲ။ ရန်ပုံခွင်းရဲ့မျက်နှာ တည်တည် တင်းသယောင်ဘက် ခပ်လုလုနှင့် အပြောင်အပျက် မဆိုတတ်သော စရိုက်ကြောင့် ဖေဖေ့ရုံးကလူတွေ ဟိုလိုဒီလို မထင်ရဲပါ။ ဖေဖေ့သား ဆိုတာကြောင့် မဟုတ်ဘဲ သူ့တစ်ယောက် သက်သက်ကို သီးသန့်ရှိန်ကြတာမျိုး။ ရန်ပုံခွင်း ပြောသွားသော ဒေါက်တာ မာလာဦး ဆိုတာလဲ သူတို့သိတာမဟုတ်။ ဘယ်အဆောင်လဲလဲ သိတာမဟုတ်။ အမှန်တော့ အဆောင်ဆိုတာ ဝေးလို့ မာလာဦး ဆိုတာလည်း အသိထဲမရှိ။
မလိမ့်တပတ် လွယ်လွယ်လေးလုပ်ကာ ရလာသော လိပ်စာအတိုင်း ရန်ပုံခွင်း ထွက်လာသည်။ ခုနောက်ပိုင်း ဖေဖေနှင့် အိမ်ကို ပါပါမလာတတ်တော့ဘဲ ပျောက်နေသော ဖဲပွင့်ကို အဆောင်မှာမှ သွားမတွေ့ လျှင် ရုံးမှာသွားတွေ့ဖို့ပဲ ရှိသည်။ ဘာကြောင့် ရုံးမှာ သွားမတွေ့ချင်ဘူးလဲဆိုတာတော့ သူသေချာမဖြေရှင်းနိုင်။