အနုံ
လမင်းမိုမို
[၁၄]✰✰✰✰✰
"အနုံ့ကို အန်တီ မမှတ်မိတော့ဘူး ထင်တယ်"
“ဘယ်သူ အနုံ၊ အနုံ ဆိုတာက”
"အနုံ ခြံထဲဝင်လာကထဲက ရေကန်လေးတွေ့ပြီး အံ့သြသွားတာ၊ အိမ်က တချို့နေရာတွေ ပြင်ထားပေမယ့် ဟိုရေချိုးခန်းတော့ မပြင်ထားဘူးနော်၊ တခြားနေရာတွေ ဆေးသုတ်ပေမယ့် နံရံကပ် သေတ္တာလေး အထဲထဲမှာတော့ ဆေးသစ်သုတ်မထားလို့ အနုံ စာရေးထားတာ ခုထိရှိသေးတယ်၊ အန်တီချို့ကြောင်လေး အနုံ ယူချင်တယ်လို့"
ဒေါ်ချိုချိုသည် ခြေလှမ်းကြဲတလွှားနှင့် ကုတင်နား လွှင့်ကနဲကပ်လာရပါသည်။ ထိုစာကို သူမရဲ့ ချစ်သူငယ်ချင်း ရီရဲ့သမီးငယ်လေး ရေးခဲ့တာ။ ကြောင်လေးလိုချင်လှပါသည် ပူဆာတတ်သော ရီရဲ့သမီးလေး။ အိမ်သာဝင်ရင်း နံရံကပ် သေတ္တာထဲမှာပင် ဆော့်ဖ်ပင်နှင့် စာရေးသွားသဖြင့် သူတို့ ရယ်လိုက်ကြရတာ။ ကိုယ့်အိမ်မှာလဲ ကြောင်တွေအများသားမို့ ထိုသမီးငယ်ကို ဒေါ်ချိုချို ကြောင်တစ်ကောင် ပေးခဲ့ဖူးပါသည်။ သူကလေးနာမည် ငုံ...။
ရန်ပုံတို့ဖေဖေ စင်္ကာပူမှာ ငါးနှစ်ခြောက်နှစ်ကြာ အလုပ်သွားလုပ်တာကို ဒေါ်ချိုချိုပါ လိုက်ပါသွားခဲ့စဉ် ဒီကြားထဲမှာ ရီရီတို့လင်မယား ကားမှောက်ပြီး ဆုံးကြတာ သိရသည်။ သူ ဟိုမှာပင် မျက်ရည်ကျခဲ့ရပါသေးသည်။ သို့သော် သူ့စိတ်ထဲ မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့သည်မှာ ရီရဲ့သမီးလေး။ ရီရီတို့ဆုံးအပြီး လေးငါးနှစ်နေမှ သူတို့လင်မယား ရန်ကုန်မှာပြန်ပြီး စီးပွားရေး အခြေစိုက်ကြသည်။ သူ တောက်လျှောက် မေ့လျော့နေသော်လည်း ရီရီ့ယောင်းမ ခင်လွင်လွင်နှင့် မင်းပွဲစိုးပွဲ ဒိတ်ဒိတ်ကြဲပွဲ တစ်ခုမှာ တွေ့ကြသည့်အခါ ခင်လွင်လွင်က နှုတ်ဆက်မိတ်ဆက်သဖြင့် တစ်ချီတော့ သတိရမိပါသည်။
"ဒါနဲ့ ရီရဲ့သမီးကလေးရော” လို့ သူအမှတ်တမဲ့ မေးမိတော့ ဒီလိုပဲ ဆွေတွေမျိုးတွေ စောင့်ရှောက်ထိန်းသိမ်း ထားကြပါတယ်တဲ့၊ ရေရေရာရာ သေချာမသိလိုက်ရ။ ဘာကြောင့်လဲဆို မအေတွေ တရုန်းရုန်းကြား ခင်လွင်လွင်ပွဲထုတ်ချင်ခဲ့တာ သူ့သမီး မိုးမိုးမို့ ချစ်ဖွယ်လိမ်မာ ယဉ်ကျေးသော မိုးမိုးကလေးကို ဒီအသိုင်းအဝိုင်းထဲက သားရှင်တွေကြည့်ကြ အကဲခတ်ကြ ချီးမွမ်းကြရင်း စကားဝိုင်းက အဲဒီဖက်ပဲ လည်ပတ်သွားခဲ့ရသည်လေ။