"ဒီလိုနေရာမှာ အတွဲတွေသုံးမှန်းမသိသာစေမယ့် couple item မျိုး ဘယ်လိုလုပ်ရှိမှာလဲဂျယ်ယွန်းရဲ့"
"ရှိလိုရှိငြားပေါ့"
လက်ထဲ အအေးဓာတ်မပြယ်သေးတဲ့ စတော်ဘယ်ရီနို့ဒိန်ချဥ်ဘူးကို ကုန်စင်အောင် တစ်ကျိုက်မော့ပြီးနောက်မှာတော့၊ဂျုံဆောင်း ဘေးပတ်ပတ်လည်ကို အနည်းငယ်ငြီးငွေ့လာသဟန် ဝေ့လည်ကြည့်မိ၏။
သူတို့နှစ်ဦးသား ယခုရောက်နေတာက ရှောပင်းမောလ်တစ်ခုရဲ့ မျက်နှာစာက စုံတွဲပစ္စည်းအများစု ရောင်းချခင်းကျင်းရာ ဆိုင်ခန်း၌ဖြစ်သည်။
"ဧကန္တ ငါ့ကို မုန့်ဝယ်ကျွေးမယ်ဆိုတာ ညာခေါ်လာတာလား"
"အစက အဲ့လိုတော့မဟုတ်ပေမယ့်..."
"အင်း... ဒီရောက်ကာမှ စိတ်ကူးပေါက်သွားတာတော့ မငြင်းဘူး"
"ဒီခွေးကောင်လေးကတော့!"
ရွံတွံတွံပေါက်ကွဲထွက်မတတ် ဆူပူမိသည်တိုင်၊မျက်စိရှေ့တင် ပေတိပေကပ်လုပ်ချင်တိုင်းလုပ်နေသေးသူအပေါ် ဂျုံဆောင်းအံ့သြမိတာအမှန်ပါ။
တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နှင့် စိတ်ကြိုက်လှန်လှောနေသည်မှာ တစ်နာရီနီးပါးကြာမြင့်သည်တိုင်၊ ယခုချိန်ထိ အကြိုက်မတွေ့သေးပုံရသော ဂျယ်ယွန်းကြောင့် ဒေါသူပုန်ထမတတ် စိတ်မရှည်စပြုလာရတော့တာ။
ဒီမလာခင် ဂျယ်ယွန်းကိုယ်တိုင် ဦးဦးဖျားဖျားလုပ်ကျွေးထားတဲ့ Del monte Corn Cheeseကြောင့်သာမဟုတ်ရင်တော့ အခုချက်ချင်း ဂျယ်ယွန်းကိုဂုတ်ကနေဆွဲကာ ထွက်သွားလိုက်ချင်သည်မှာ တစ်ပိုင်းသား။
တချိန်လုံးသိလာခဲ့တဲ့ သူတစ်ပါးအပေါ် စာနာထောက်ထားအားနာတတ်လွန်းသူတစ်ယောက်ရဲ့ ပြယုဂ်ဟာ ဘယ်အရပ်မှာကျန်ခဲ့လဲဟု ဂျယ်ယွန်းကို မေးခွန်းထုတ်မတတ်...။
အချစ်ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ လူသားတွေဟာ ဖြေဆေးမရှိ သည်လိုပဲ ရူးပေ၊ကဲပေသတဲ့လား သြချမိစရာပါပဲ။
ဘယ်လိုနေနေပါလေ။ရင်ဘတ်ထဲတမြှေ့မြှေ့နေရာယူထားခဲ့ဖူးတဲ့ အချစ်ဦးပေမို့လည်း ဂျုံဆောင်း မငြိုငြင်နိုင်ရှာပါဘူးလေ။