Chapter 2

929 124 1
                                    

Seventy 2


ယန်စစ်စစ်၏ ဆုပ်ညှစ်မှုအောက်တွင် လက်ဖျားများထိပ်မှ နီရဲသော သွေးပေါက်များ ဖြည်းဖြည်းချင်း စီးကျလာ၏။ ထိုသွေးပေါက်များ သစ်သားလက်ကောက်အား ထိသည်နှင့် အစိမ်းရောင်အလင်း ခပ်ပျပျ လင်းသွားပြီး သွေးစက်များ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

ဤအရာသည် နေရာလွတ် နယ်မြေကို ဖွင့်တော့မည်လော။

ယန်စစ်စစ်သည် အချိန်တော်တော်ကြာကြာ စောင့်ပြီး လက်ကောက်မှ ထူးထူးခြားခြား တစ်စုံတစ်ရာ မတွေ့ရသဖြင့် စိတ်လှုပ်ရှားနေသော ခံစားချက်သည် ချက်ချင်း ဆိုသလို ကွယ်ပျောက်သွားသည်။ ဧကန္တ ဤသစ်သား လက်ကောက်ဝတ်ကို ဖွင့်နိုင်သောသူမှာ မင်းသမီး တစ်ဦးတည်းလော။

သူမသည် ဤဖြစ်နိုင်ချေကို တွေးလိုက်သောအခါ နှလုံးသား တင်းကြပ်သွားတော့၏။ သူမသည် နေရာလွယ်နယ်မြေကို မဖွင့်နိုင်ကြောင်း လက်မခံနိုင်ပါချေ။ သူမသည် နောက်ဆုတ်သွားခြင်း မရှိဘဲ ဒဏ်ရာကို ပိုနက်စေပြီး သစ်သား လက်ကောက်ပေါ်တွင် ယခင်ကထက် သွေးများစွာ အစက်ချလိုက်သည်။

အချိန် အတော်ကြာသွားပြီး ယန်စစ်စစ်လည်း သွေးမည်မျှ ကုန်သွားပြီကို မသိတော့ချေ။ ရုတ်ချည်းဆိုသလို သူမသည် မျက်လုံး အမှောင်ကျသွားပြီး ထူးဆန်းသော နေရာ တစ်နေရာသို့ ရောက်ရှိသွား၏။

ယန်စစ်စစ်သည် သူမ ရှေ့မှောက်ရှိ ထူးဆန်းသောအရာများကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူမသည် နေရာလွတ်နယ်မြေကို အမှန်တကယ် ဖွင့်လိုက်နိုင်မည်ဟု မထင်ခဲ့ချေ။ ထိုသို့ဆိုလျှင် သူမအိပ်မက်ထဲရှိ အကြောင်းအရာများသည် ပြောင်းလဲနိုင်သည်ဟူသော သဘောပင်။

ယန်စစ်စစ်သည် မိမိရင်ထဲရှိ စိတ်လှုပ်ရှားမှု အဟုန်ကို မြိုသိပ်ပြီး တစ်ချက်ကြည့်ရုံဖြင့် အာရုံစူးစိုက်စရာဖြစ်သော ရှေးဟောင်းသစ်ပင်ဆီသို့ လျှောက်သွားလိုက်၏။ ရှေးဟောင်းသစ်ပင်မှာ တစ်ပိုင်းသေနေပြီး တစ်ပိုင်းမှာ စိမ်းစိုလန်းဆန်းနေသည်။ မျက်စိကျဖွယ် အကောင်းဆုံးအရာမှာ သစ်ပင်ထိပ်ဖျားတွင် ဘူးသီး တစ်လုံးပုံစံနှင့် တွဲလောင်းကျနေသော အစိမ်းရောင် သစ်သီးတစ်လုံး ဖြစ်၏။ ၎င်း၏ အောက်ခြေမှာ မွဲပြာကျနေသည်။ မြေသြဇာဓာတ်ချို့တဲ့နေခြင်းလော သို့မဟုတ် ၎င်း၏ နဂိုအရောင်လော မပြောတတတ်ချေ။

ယန်စစ်စစ်သည် မလှမ်းမကမ်းမှ နဂါးငွေ့တန့်ကို လှည့်ကြည့်ပြီး သူမနံဘေးရှိ ခြောက်ကပ်အိုဟောင်းသော သစ်ပင်ကို ပြန်ကြည့်လိုက်၏။ ထို့နောက် မီးဖိုချောင်ထဲ ပြန်ဝင်ပြီး ဟင်းချိုဇွန်း တစ်ချောင်းကိုယူကာ ရေတွင်းထံ လျှောက်သွား၍ ရေ ၅ မှုတ်ခန့်ခပ်ပြီး ရှေးဟောင်းသစ်ပင်ပေါ် လောင်းလိုက်သည်။ ထို့နောက် ရှေးသစ်ပင်ကြီးကို မော့ကြည့်လိုက်သောအခါ ၎င်းသည် အတန်ငယ် လှုပ်ခါသွားသည်ကို မြင်လိုက်ရ၏။

ယန်စစ်စစ်သည် မျက်လုံးကို ပွတ်ပြီး သစ်ပင်အိုကြီးကို ပြန်ကြည့်လိုက်သော်လည်း လှုပ်ရှားမှု ဆက်မရှိချေ။ အစောပိုင်းက သူမ အမြင်မှားဟန်ရသည်။ ရေလောင်းပြီးနောက် သူမသည် ဝေ့ဝဲကြည့်ရှုလိုက်သောအခါ နေရာလွတ် နယ်မြေမှာ အိမ်နှစ်လုံးစာခန့်ကျယ်ကြောင်း မြင်လိုက်ရ၏။ နေရာလွတ် နယ်မြေထဲတွင် အစောပိုင်းက ရေခပ်ခဲ့သော ရေတွင်းနှင့် အလယ်တွင် ရပ်တည်နေသာ သစ်ပင်အိုကြီးသာရှိသည်။ မြေကြီးမှာ မည်းနက်ပြီး မြေဆီကြွယ်ဝဟန်ရသော မြေသားဖြစ်ပြီး မြက်ပင်တစ်ပင်မျှပင် မရှိချေ။ နေရာလွတ် နယ်မြေ၏ အစွန်းတွင် အဖြူရောင် မြူခိုးများက ဖုံးထားသဖြင့် ထိုနေရာတွင် ရှိသောအရာကို မြင်ရန် ခက်ခဲလှသည်။ ယန်စစ်စစ်သည် သိချင်စိတ်ဖြင့် ထိုနေရာသို့ လျှောက်သွားလိုက်သည်။

သူမသည် ထိုမြူခိုးငွေ့နားသို့ မကပ်နိုင်ခင်မှာပင် မျက်စိဖြင့် မမြင်ရသော တံတိုင်းတစ်ခုက သူမကို တားဆီးလိုက်၏။ သူမသည် အေးစက်သော ဖန်သားပြင်ကို ကိုင်တွယ်ရသည့်အလား လက်ကို ကပ်ကြည့်လိုက်သည်။

ဆက်မမြင်ရသဖြင့် ယန်စစ်စစ်သည် အနောက်သို့သာ ပြန်လှည့်ပြီး ရေတွင်းကို လေ့လာလိုက်၏။ ၎င်းအထဲရှိ ရေသည် အခြား အသုံးဝင်မှု ရှိ‌သေးသလော သူမ သိချင်မိသည်။

ယန်စစ်စစ် ခေါင်းငုံ့၍ ရေတွင်းထဲကြည့်ပြီး များများစားစား မစဥ်းစားဘဲ ရေတွင်းဘောင်ပေါ် လက်တင်မိသောအခါ ချက်ချင်းဆိုသလို တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွား၏။ ရေတွင်းဘောင်ပေါ်ရှိ ကျောက်စိမ်းတုံးပေါ်တွင် စကားလုံး ၃ လုံးကို ထွင်းထုထားသည်။ ထိုစကားများကို သူမ နားမလည်သော်လည်း ဤရေတွင်း၏ အသုံးဝင်မှုအား သူမခေါင်းထဲတွင် ပြန်မှတ်မိလာခဲ့၏။ ဤရေတွင်းမှာ လင်းချွမ် ရေတွင်းဟု ခေါ်ပြီး အတွင်းထဲရှိ ရေမှာ အပင်များ၊ တိရစ္ဆာန်များ၏ ကြီးထွားမှုကို အထောက်အကူ ပြုနိုင်ရုံမက အဆိပ်ဖြေနိုင်စွမ်း၊ ရောဂါ ကုသနိုင်စွမ်း ရှိလေသည်။

ယန်စစ်စစ်သည် အံ့အားသင့်စွာဖြင့် မတ်တပ် ပြန်ရပ်လိုက်၏။ ဤရေသည် ကြီးထွားမှုကို မြှင့်တင်ပေးပြီး ဒဏ်ရာများကို ကုသပေးကာ အဆိပ်ဖြေနိုင်စွမ်းရှိလေသည်။ ဤနေရာလွတ် နယ်မြေမှာ အမတမျိုးနွယ်များ၏ နေရာလော။ သို့မဟုတ်လျှင် ဤကဲ့သို့ အံ့သြဖွယ် ရေမျိုး အဘယ်သို့ ရှိနိုင်မည်နည်း။ အညွှန်းစာသားအရဆိုလျှင် သူမဝမ်းကွဲ ဖွင့်ခဲ့သော နေရာလွတ် နယ်မြေသည် ဆယ်မီတာ ပတ်လည်သာ ရှိသည့်အပြင် ပစ္စည်းများကိုသာ သယ်ဆောင်နိုင်ပြီး လူများ ဝင်ရောက်၍ မရချေ။

သူမ ဖွင့်လှစ်လိုက်သော နေရာမှာ ရှေးဟောင်းသစ်ပင်လည်း ရှိပြီး မှော်ဆန်သော စမ်းရေတွင်းလည်း ရှိသည်။ လူတစ်ဦးနှင့် တစ်ဦး ဖွင့်နိုင်သောအရာ မတူခြင်းလော။

ရေတွင်းမှာ သာမန် မဟုတ်သဖြင့် အလယ်တွင်ပေါက်နေသော သစ်ပင်အိုကြီးမှာလည်း သာမန်မဟုတ်နိုင်ရာ။ ယန်စစ်စစ်သည် ထိုနေရာထံလျှောက်သွားပြီး သစ်ပင်အိုကြီးအပေါ် လက်တင်လိုက်သောအခါ သူမ ခေါင်းထဲသို့ စကား တစ်ခွန်းက ပေါ်လာ၏။

အပင်များ လိုအပ်ပေသည်။

သူမ အိမ်ထဲရှိ မီးဖိုချောင်ထဲတွင် မျိုးစေ့အချို့ရှိလေသည်။ ဤအကြံဖြင့် ယန်စစ်စစ်သည် နေရာလွတ် နယ်မြေထဲမှ ထွက်လာ၏။ သူမသည် မီးဖိုချောင်ထဲ ပြေးပြီးနောက် အိမ် စားဖိုဆောင်၏ ဗီရိုထဲမှ ပြောင်းစေ့များကို နှိုက်ထုတ်ပြီး နေရာလွတ် နယ်မြေထဲ ပြန်လိုက်သည်။ မျိုးစေ့များ တစ်ခုတည်းဖြင့် အသုံးမဝင်ချေ။ မြေသြဇာ ရှိရန်လည်း လိုသေး၏။

ယန်စစ်စစ်မှ အပင်စိုက်ရန် စဥ်းစားနေချိန်တွင် သူမ လက်ထဲရှိ မျိုးစေ့များမှာ ဖြည်းဖြည်းချင်း တုန်ခါလာသည်ကို မြင်လိုက်ရသည်။ ယန်စစ်စစ်အတွေးရပ်လိုက်သောအခါ မျိုးစေ့များသည် သူမလက်ထဲတွင် ပြန်ရပ်သွားပြန်သည်။ ဘာတွေဖြစ်နေသနည်း။ သူမသည် မျိုးစေ့စိုက်ရန် တွေးလိုက်ရုံဖြင့် အစေ့များ လှုပ်သွားပြီးနောက် ထိုအကြံ ထွက်လာသောအခါ မျိုးစေ့များ ပို၍ပင် တုန်ခါလာသည်။ ဧကန္တ သူမသည် ဤမျိုးစေ့များကို မိမိစိတ်အစွမ်းဖြင့် ထိန်းချုပ်နိုင်ခြင်းလော။ ယန်စစ်စစ်သည် မိမိ စိတ်ထဲတွင် မျိုးစေ့များ ပျံသန်းနေသောပုံရိပ်အား ကြိုးစား တွေးကြည့်လိုက်သောအခါ လက်ထဲရှိ မျိုးစေ့များ တုန်ခါသွားပြီး လေပေါ်သို့ သပ်ရပ်ကြော့ရှင်းစွာ ပျံသန်းသွား၏။

ဤမျိုးစေ့များအား မြေထဲသို့ စိုက်ပျိုးရမည်ဟု တွေးလိုက်သောအခါ ပျံသန်းနေသော မျိုးစေ့များသည် ဥယျာဥ်ထဲရှိ မြေသားထဲသို့ အပြေးအလွှား ထိုးစိုက်ဝင်သွားကြပြီး မျိုးစေ့တစ်ခုစီတိုင်းမှာ တစ်ခုနှင့် တစ်ခု မီတာ တစ်ဝက်ခန့်ခြားပြီး ဝင်သွားကြ၏။ ယန်စစ်စစ်သည် သူမခေါင်းကို စိတ်လှုပ်ရှားစွာ ထိကိုင်ကြည့်လိုက်သည်။ မိမိစိတ်ဖြင့် ဤအရာများကို ထိန်းချုပ်နိုင်နေပေသည်! ဤနေရာလွတ် နယ်မြေမှာ အမှန်ပင် အံ့သြစရာ ကောင်းလှ၏။

မျိုးစေ့များကို စိုက်ပျိုးပြီးနောက် ယန်စစ်စစ်သည် သူမ စိတ်အစွမ်းကို အသုံးပြုပြီး ရေတွင်းထဲမှ ရေကို ထိန်းချုပ်ကာ အစောပိုင်းက စိုက်ပျိုးထားသော မျိုးစေ့များကို လောင်းလိုက်သည်။ ထို့နောက် အမတစမ်းရေသည် အပင်များ၏ ကြီးထွားမှုကို မြှင့်တင်နိုင်သလော စောင့်ကြည့်လိုက်တော့၏။

ခေတ္တမျှ စောင့်ကြည့်ပြီးနောက် လှုပ်ရှားမှု မရှိချေ။

ယန်စစ်စစ်သည် စိတ်ပျက်လက်ပျက်ဖြင့် ထရပ်ပြီး ရေတွင်းထဲရှိ အမတ ရေအကြောင်း မတွေးတော့ပေ။ သူမသည် အမတ ရေ၏ အနာရောဂါ ကုသနိုင်စွမ်းကို မိမိအတွက် ပြန်အသုံးချရန် စီစဥ်ထားခဲ့သော်လည်း ယခုတွင် ထိုအရာမှာ အလိမ်အညာ ဖြစ်နေလေသည်။

ယန်စစ်စစ်သည် နေရာလွတ် နယ်မြေမှ ထွက်လာသည်နှင့် အနည်းငယ် မူးနောက်သွား၏။ သူမသည် ခေါင်းကို ငုံ့ကြည့်လိုက်သောအခါ သူမ ဖိနပ်များသည် အစောပိုင်း ကနင်းထားသော အနက်ရောင် မြေကြီးများဖြင့် ပေကျံနေကြောင်းမြင်လိုက်ရသည်။ ဖိနပ်များကို သေချာ သန့်ရှင်းရပေမည်။ မဟုတ်လျှင် သူမ အမေသာ သိသွားပါက မည်သို့ရှင်းပြရမည်နည်း။

သန့်ရှင်းရေး လုပ်ပြီးနောက် သူမသည် ခေါင်းမူးဝေဒနာကို အောင့်ခံပြီး အိပ်ရာပေါ် တက်လိုက်၏။ သူမခေါင်းသည် အဝတ်ခေါင်းအုံးပေါ် ကျရောက်သည်နှင့် အိပ်ပျော်သွားတော့သည်။

အိပ်မက် မမက်ဘဲ တစ်ညမျှ အိပ်စက်ပြီးနောက် နောက်တစ်နေ့တွင် ယန်စစ်စစ်သည် ဗိုက်ဆာဆာနှင့် နိုးလာခဲ့၏။ သူမသည် အိပ်ချင်မူးတူးနှင့် အခန်းထဲမှ ထွက်လာပြီး ဆာလောင်နေသော ဗိုက်ကို ကိုင်ကာ မီးဖိုချောင်ထဲ ဝင်သွားတော့သည်။ မီးဖိုချောင်ထဲတွင် မဒမ်ယန်ကို သူမ မြင်လိုက်ရ၏။

“အမေ၊ ပြန်ရောက်ပြီလား”

သမီးဖြစ်သူ၏ ငေးတိငေးကြောင်ပုံစံကို မြင်သောအခါ မဒမ်ယန်သည် လျင်မြန်စွာနှင့် ဆန်ပြုတ် တစ်ခွက်ခပ်ပြီး ကမ်းပေးလိုက်သည်။

“မနေ့ညက ထမင်းပူပူ မစားခဲ့ဘူးလား။ စားပွဲပေါ်မှာ အီကြာကွေးတွေ ရှိတယ်။ မြန်မြန် သွားစား”

ယန်စစ်စစ်သည် ပန်းကန်လုံးကို ယူပြီး စားပွဲဆီသို့လှည့်သွားလိုက်၏။ ထို့နောက် ပူနွေးသောဆန်ပြုတ် ပန်းကန်အား စားပွဲပေါ်တွင် ဂွပ်ခနဲ ချ၍ တူများကို ကောက်ယူပြီး အအေးခံရန် မွှေတော့သည်။ မကြာခဏဆိုသလို ဖူးဖူးနှင့် မှုတ်ပြီးနောက် ပူနွေးလှသော ဆန်ပြုတ်သည် အတော်အတန် အေးသွားတော့၏။ ဆန်ပြုတ်၏ ပူနွေးမှုသည် လည်ချောင်းမှတစ်ဆင့် တစ်ညလုံး ဆာ‌လောင်နေခဲ့သော ဝမ်းဗိုက်ထဲ လျှောဆင်းသွားပြီး ဝမ်းဗိုက်မှတစ်ဆင့် အပူဓာတ်က တစ်ကိုယ်လုံးကို ချက်ချင်းဆိုသလို ပျံ့နှံ့သွားသည်။ ယန်စစ်စစ်သည် ထိုမျှသာ များစွာ နိုးကြားသွားလေ၏။

သူမသည် ဆန်ပြုတ်ကို သောက်ရင်းဖြင့် အီကြာကွေးများကို စားလိုက်သည်။ ကြွပ်ရွသော အီကြာကွေးများနှင့် အိထွေး ဖြူဖွေးသော ဆန်ပြုတ်သည် အလွန်ပင် လိုက်ဖက်ပေ၏။ သူမသည် စားနေရင်း မီးဖိုချောင်ထဲ ဝေ့ကြည့်လိုက်သည်။

“အမေ၊ အဖေရော ဘယ်လိုလဲ”

မဒမ်ယန်သည် မီးဖိုချောင်ထဲမှ မထွက်သေးချေ။ သူမသည် မနက်စာကို လျင်မြန်စွာ ပြင်ဆင်ပြီးနောက် မစ္စတာယန်အတွက် အစားအသောက်ထုပ်ပိုးထားသော စတီး ထမင်းဘူးကို ယူလိုက်၏။ သမီးဖြစ်သူမှ စိတ်ပူနေမည်ကို စိုးသဖြင့် သူမသည် သာမန် အေးဆေးသော လေသံနှင့် ပြောလိုက်သည်။

“အများကြီး သက်သာလာပါပြီ။ နောက် တစ်ရက်၊ နှစ်ရက်လောက် စောင့်ကြည့်လို့ ဘာပြသာနာမှ မရှိရင် ပြန်လာလို့ရပြီလို့ ဆရာဝန်က ပြောတယ်”

ယန်စစ်စစ်သည် ၎င်းကို ကြားသောအခါ သက်မချမိသော်လည်း မိမိအဖေကို ကိုယ်တိုင် မမြင်ရသဖြင့် အနည်းငယ် စိတ်ပူမိနေဆဲ ဖြစ်သည်။ သူမသည် နောက်ဆုံး ဆန်ပြုတ် တစ်လုပ်စာကို မော့ချပြီးနောက် မီးဖိုချောင်မှ ထွက်လာသော မဒမ်ယန်ကို ပြောလိုက်သည်။

“အမေ၊ အဖေ့ကို ထမင်းဘူး သွားပို့မလို့မလား။ သမီးလည်း လိုက်မယ်”

မဒမ်ယန်သည် စားပွဲပေါ်တွင် ထမင်းဘူးကို ချကာ အနောက်မှ လိုက်လာသော သူမ သမီးကို လျစ်လျူရှုကာ မိမိတို့ လင်မယားနေသော အခန်းထဲသို့ လှည့်ဝင်သွားပြီး အေးစက်စွာ ငြင်းဆိုလိုက်သည်။

“ဒဏ်ရာလည်း ပြန်မကောင်းသေးတာကို အိမ်မှာပဲ အေးအေး‌ဆေးဆေး နားစမ်းပါ”

ယန်စစ်စစ်သည် သူမ အနောက်မှ နေ၍ လက်မလျှော့ဘဲ လိုက်သွားသည်။

“အမေ~ သမီး အများကြီး သက်သာနေပါပြီ။ လိုက်ခွင့်ပေးပါလို့”

ယန်စစ်စစ်သည် တံခါးဝနား ရပ်ပြီး တံခါး‌ဘောင်ကို ကုတ်လိုက်သည်။ ထိုအချိန်တွင် သူမ မိခင်မှာ ဗီရိုထဲရှိ ဘီစကွတ်ဘူး တစ်ဘူးကို ဆွဲထုတ်ပြီး ၎င်းအထဲမှ ငွေသားတချို့ကို ယူနေ၏။ ထိုဘူးသည် သူမတို့ စုဘူးဖြစ်ဟန်ရသည်။ သို့သော် ယခုတွင် ၎င်းအထဲ စုထားသော ငွေသားမှာ အလွန်လျော့နည်းနေလေပြီ။ ဧကန္တ မိသားစုထဲရှိ ငွေအားလုံးကို သူမနှင့် သူမ ဖခင်အား ကုသရန် သုံးစွဲလိုက်သလော။

မိမိအား လျစ်လျူရှုထားပြီး ငွေကို သိမ်းဆည်းနေသော မိခင်ကို မြင်လိုက်ရသောအခါ ယန်စစ်စစ်သည် အကြည့်ကို လွှဲပြီး အားယုတ်သော လေသံနှင့် ပြောလိုက်၏။

“အမေ၊ မနေ့ကလူတွေ ထပ်လာရင် ဘယ်လိုလုပ်မလဲ”

မဒမ်ယန်သည် စုဘူးကို သိမ်းလိုက်သည်။ ယမန်နေ့ကလို ထိုမိသားစု အတင်းအကြပ် ဝင်ရောက်လာပါက စိတ်ပူစရာ ရှိပေ၏။ သမီး တစ်ဦးတည်း အိမ်တွင် ကျန်ရစ်ခဲ့ရန် မလုံခြုံပါချေ။

မိခင်ဖြစ်သူ၏ လှုပ်ရှားမှုများ ခေတ္တမျှ ရပ်တန့်သွားကြောင်း မြင်သောအခါ တစ်ခုခု လွဲနေကြောင်း ယန်စစ်စစ် ချက်ချင်းဆိုသလို ခံစားမိလိုက်၏။ သူမသည် အနောက်သို့ လျင်မြန်စွာ လှည့်ပြီး စားပွဲပေါ်ရှိ ထမင်းဘူးကို ကောက်ယူကာ အပြင်သို့ ထွက်လိုက်သည်။

“အမေ၊ အဖေက ဘယ်ဆေးရုံ ရောက်နေတာလဲ”

မဒမ်ယန်သည် အနောက်မှ အပြေးအလွှား လိုက်လာပြီး တံခါးကို သော့ခတ်လိုက်ကာ စိတ်ပူပန်ဟန်ဖြင့် အော်ဟစ်လိုက်သည်။

“အရမ်း မပြေးနဲ့၊ သတိထားဦး”

နာရီဝက်ခန့် လမ်းလျှောက်ကြပြီးနောက် ယန်စစ်စစ်သည် ဆေးရုံဂိတ်ဝကို မြင်ရတော့သည်။ အိပ်မက်ထဲတွင် သူမသည် ရေထဲပြုတ်ကျပြီးနောက် ဖခင်ဖြစ်သူ အိမ်ပြန်မလာခင်ထိ သူမ မိခင်သည် သူမအား ဖခင်ဖြစ်သူ ဒဏ်ရာရသည့်အကြောင်းကို မပြောဘဲနေခဲ့သည်။ မဒမ်ယန်သည် အဘယ်ကြောင့် ယခုအချိန်တွင် သူမအား မဖုံးကွယ်ဘဲ ရှိနေသည်ကို ယန်စစ်စစ် မသိပါချေ။

ယန်စစ်စစ်သည် မိမိရှေ့မှောက်ရှိ ရင်းနှီးနေသော ဆေးရုံကို ကြည့်ပြီး စိတ်ထဲ တစ်မျိုး ဖြစ်သွား၏။ ဆေးရုံဂိတ် တံခါးပေါ်ရှိ သံတိုင်များမှာ သံချေးတက်နေလေပြီ။ ဂိတ်တံခါးထိပ်တွင် “ပြည်သူ့ဆေးရုံ” ဟူသော အနီရောင်စကားလုံး ၄ လုံးကို ချိတ်ဆွဲထားသည်။ အထဲသို့ ဝင်လိုက်သောအခါ ၎င်းသည် အမိုးအား ကြွေပြားကပ်ထားသော နှစ်ထပ်တိုက်ဖြစ်ပြီး သစ်သားတံခါးနှင့် ဖြစ်၏။

အပြင်ဘက် နံရံများ၏ ပြတင်းဘောင်များတွင် ဖန်အက်ကွဲစ အချို့ကို မြင်နိုင်ပေသည်။ လေထုထဲတွင် ပိုးသတ်ဆေး အနံ့ကို ရှူမိသဖြင့် ယန်စစ်စစ်သည် မဒမ်ယန်၏ အင်္ကျီစကို တင်းတင်းကိုင်ပြီး လူအုပ်ကြားထဲမှ သူမနောက် တစ်ဖဝါးမခွာ လိုက်သွားတော့သည်။ ထို့နောက် ဒုတိယထပ်ကို သားအမိနှစ်ဦး တက်သွားကြပြီး အချိန် အတော်ကြာ လျှောက်မှသာ လူနာဆောင် တစ်ခုရှေ့ ရောက်ရှိသွား၏။

မဒမ်ယန် အနောက်မှ လိုက်လာသော ယန်စစ်စစ်သည် သူမ ရပ်သွားကြောင်း မြင်လိုက်သောအခါ မေးလိုက်သည်။

“အမေ၊ ဒီမှာလား”

ယန်စစ်စစ်သည် ခေါင်းကို ဆန့်တန်းပြီး ပြောပြောဆိုဆိုနှင့် အခန်းထဲ ပြူကြည့်လိုက်သောအခါ သူမဖခင် ယန်အိုက်ကောသည် အတွင်းအကျဆုံး လူနာကုတင်ပေါ်တွင် ထိုင်နေကြောင်း မြင်လိုက်ရ၏။ သူသည် နံဘေးရှိ လူနာမိတ်ဆွေတစ်ဦးနှင့် စကား လက်ဆုံ ကျနေလေသည်။ မမြင်ရသည်မှာ အတော်ကြာပြီဖြစ်သော မိမိ၏ ပြုံးရယ်နေသည့် ဖခင်အား တွေ့လိုက်ရသောအခါ ယန်စစ်စစ်သည် ပျံလွှားလုမတတ် ပြေးလာပြီး‌ မေးလိုက်၏။

“အဖေ၊ ခေါင်း ဘာလို့ ထိသွားတာလဲ”

“ဒီကောင်မလေးတော့၊ နင် ဘာလို့ ဒီရောက်နေတာလဲ"

မစ္စတာယန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အနောက်မှ လိုက်လာသော မဒမ်ယန်ကို ကြည့်၍ မကျေမနပ်နှင့် ပြောလိုက်၏။

“ငါ ခေါင်းထိထားတဲ့ ကိစ္စကို သမီးကို ပေးမသိနဲ့လို့ ပြောထားတယ်လေ”

“ရဲဘော်ကြီးယန်၊ ဒီလောက် အကြီးအကျယ် ဒဏ်ရာ ရထားတာတောင် ဖုံးထားဖို့ ကြိုးစားနေချင်တုန်းလား”

ယန်စစ်စစ်သည် ဆောင့်ကြီး အောင့်ကြီးဖြင့် မိမိလက်ထဲရှိ ထမင်းဘူးအား စားပွဲပေါ်ချပြီး မိမိကဲ့သို့ ပတ်တီးများ စည်းခံထားရသော အဖေဖြစ်သူကို စေ့စေ့ကြည့်လိုက်၏။

သမီးဖြစ်သူ၏ မေးခွန်းထုတ်မှုနှင့် ရင်ဆိုင်ရသောအခါ မစ္စတာယန်သည် နှစ်ကြိမ်မျှ ခပ်ဟဟရယ်လိုက်ပြီး နေရခက်ခက်နှင့် စကားလမ်းကြောင်းလွှဲလိုက်သည်။ သူသည် မိမိ နံ‌ဘေးရှိလူနာအား ယန်စစ်စစ်ကို မိတ်ဆက်ပေးလိုက်လေ၏။

“ကဲ၊ ဒါက ကျွန်တော့်သမီး စစ်စစ်ပါ”

“သမီး၊ သူ့နာမည်က အဘိုးဂူတဲ့”

သူမ ဖခင်သည် စကားလမ်းကြောင်း လွှဲလိုက်ကြောင်း ယန်စစ်စစ် သိသဖြင့် ဆက်မေးခွန်း မထုတ်တော့ဘဲ နံဘေးတွင် ဆံပင်ဖြူနေသော်လည်း တက်ကြွ ဖျတ်လတ်နေဆဲ ဖြစ်သော အဘိုးအို တစ်ဦးထံ ယဥ်ကျေးပျူငှာစွာ လှည့်လိုက်၏။ ထိုလူမှာ အသက် ငါးဆယ် ဝန်းကျင်သာ ရှိဟန်ရလေသည်။ ယန်စစ်စစ်သည် နူးညံ့သော လေသံနှင့် ခေါ်လိုက်တော့သည်။

“အဘိုးဂူ”

“စစ်စစ်တဲ့လား နာမည်က လှသားပဲ”

စကားလမ်းကြောင်း လွှဲရန် အသုံးချခံလိုက်ရသော ဂူရှန်းမှာ မိမိရှေ့မှောက်ရှိ ချစ်စရာ မိန်းကလေးအား အပြုံးတစ်ပွင့်နှင့် ကြည့်ပြီး ချီးမွမ်းလိုက်၏။

“ရှောင်ယန်၊ မင်းသမီးလေးက ကြည့်ကောင်းလိုက်တာ”

သူမသည် ယဥ်ယဥ်ကျေးကျေးသာ ပြောနေသော်လည်း ဤလူအား မသိပါချေ။ လူ မရှိသောအချိန်မှသာ ရဲဘော်ကြီး ရှောင်ယန်ကို မေးရပေမည်။

“ဟုတ်တာပေါ့။ ကျွန်တော့်သမီးက ကျွန်တော်နဲ့ တူတော့လည်း ရုပ်ဆိုးစရာ ရှိမလားဗျာ”

မစ္စတာယန်သည် သမီးဖြစ်သူ အမွမ်းတင်ခံရသောအသံကို ကြားသောအခါ ပျော်ရွှင်စွာဖြင့် မျက်ခုံးများ ပင့်တက်ပြီး ပြန်လည်ချီးကျူးလိုက်သည်။

“ခင်ဗျားမြေးလည်း အတော်ချောတာဗျ”

မဒမ်ယန်သည် ထမင်းဘူးကို ဖွင့်ပြီး မစ္စတာယန်ဆီ ကမ်းပေးကာ သူတို့ နှစ်ဦး၏ အချင်းချင်း ချီးကျူးနေသော စကားဝိုင်းကို ဝင်ဖြတ်ပြောလိုက်၏။

“မြန်မြန်စားလိုက်။ အေးသွားရင် စားမကောင်းတော့ဘူး”

“ဦးလေးဂူ၊ ထမင်း စားပြီးပြီလား"


“အင်း၊ ငါ့မြေးလေးက မနက် စောစောတုန်းက ပို့ထားတယ်၊ ဒီကို လာထိုင်လေ။ အစာချေဖို့ ငါလမ်းလျှောက်ထွက်ဦးမယ်။ သားအဖတွေ စကားပြောကြပေါ့”

ဂူရှန်းသည် စကားပြောပြီးသည်နှင့် တုတ်ကောက်တစ်ချောင်းနှင့် လူနာဆောင်အပြင် ဖြည်းဖြည်းချင်းထွက်သွားသည်။ နံဘေးကုတင်ရှိ အဘိုးဂူထွက်သွားကြောင်း ယန်စစ်စစ် မြင်သောအခါ သူ့ကုတင်စွန်းပေါ်တွင် ထိုင်ပြီး ဖခင်ဖြစ်သူ ထမင်းစားနေသောပုံအား ကြည့်လိုက်၏။ ထို့နောက် နူးညံ့ညင်သာစွာ မေးလိုက်သည်။

“အဖေ၊ ဘာလို့ လမ်းမပေါ် ချောင်းရိုက်ခံရတာလဲ။ ရဲတွေကို ခေါ်ပြီးပြီလား”

မစ္စတာယန်သည် ဆန်ပြုတ် တစ်ငုံမျှ သောက်ပြီးနောက် သမီး၏ မေးခွန်းကို ကြားသောအခါ ပြောလိုက်သည်။

“တိုင်ချက်ဖွင့်ခဲ့တယ်။ ရဲတွေက အခြေအနေကို လာစုံစမ်းပေးတာပေါ့”

သူသည် ဆေးရုံတက်နေစဥ် အတော်ကြာ တွေးခဲ့သော်လည်း တစ်စုံတစ်ဦးက သူ့ကို ချောင်းရိုက်လောက်သည်ထိ သူမည်သူ့အား ရန်စမိခဲ့သည်ကို အမှန်ပင် မသိချေ။

“အဖေ အဲ့နေ့က အခြေအနေကို ပြန်ပြောပြကြည့်။ သဲလွန်စတွေ ပြန်တွေ့ရင်တွေ့မှာပေါ့”

ယန်စစ်စစ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူမ အိပ်မက်ထဲတွင် ဖခင်ဖြစ်သူသည် တစ်စုံတစ်ဦး၏ လုပ်ကြံခြင်းကို ခံခဲ့ရကြောင်းသာသိပြီး အဆုံးထိ ထိုတရားခံကို ရှာမတွေ့ခဲ့ချေ။ ဤတစ်ခေါက်တွင် မိမိဖခင်အား ဒဏ်ရာရစေခဲ့သော တရားခံကို ရအောင် ရှာဖွေပေမည်။


၁၉၇၀ခုနှစ်ကသမီးချောလေးWhere stories live. Discover now