Chapter 7

753 107 0
                                    

Chapter - 7


ယန်စစ်စစ်သည် လူအုပ်အား ကြည့်ကာ "ဒါနဲ့ အရင်လ ၁၁ ရက်နေ့က ဒီလူ့ကိုမြင်လိုက်ကြသေးလား မသိဘူး" ဟု မေးလိုက်သည်။

ထိုအခါ မိန်းမပျိုလေးတစ်ဦးက "ဟို... ကျွန်မ၊ ကျွန်မ မြင်လိုက်ပါတယ်" ဟု လက်ထောင်ကာ ပြောလိုက်သည်။

"ဒါဆို သူ့ကို တွေ့တုန်းက တစ်ကိုယ်လုံး ရေစိုနေသလား" ဟု ယန်စစ်စစ်က ပြန်မေးသည်။

"မစိုပါဘူး။ သူ့ ဂျက်ကတ် အောက်ပိုင်းလေးပဲ စိုနေတာကို သတိထားမိပါတယ်။ ကျွန်မတောင် စဉ်းစားမိသေးတယ်။ ဒီနေ့ နှင်းလဲ မကျ၊ မိုးလဲ မရွာပဲ ဘာလို့ ကျင်ကျွင်းရဲ့ဂျက်ကတ်က စိုနေရတာပါလိမ့်လို့လေ"

ထိုစကားကို ကြားသောအခါ အားလုံး အဖြစ်မှန်ကိုသိသွားကြသည်။

"ဒီကောင် တော်တော်ယုတ်မာတာပဲ။ တမင် ကောင်မလေးကို ကယ်တဲ့ပုံ ဟန်ဆောင်ပြီး လက်ထပ်ဖို့ အကွက်ဆင်ခဲ့တာ။ ဒါမှ သူ့မိသားစု ကိုထောက်ပံ့လို့ ရအောင်လေ"

"တကယ်ပါပဲ။ ပုံစံလေးကြည့်တော့ သနားကမားနဲ့ မထင်ရက်စရာပဲ"

ဝိုင်းဝန်း အကဲဖြတ်နေကြသည့် စကားများကြား ကျင်ကျွင်းတစ်ယောက် မျက်နှာပင် မဖော်နိုင်တော့ပေ။

ထိုအခါ စုဒါနင်တစ်ယောက် အရှက်ရနေသော သားဖြစ်သူကို ကြည့်ကာ အရမ်း ဒေါသထွက်လာခဲ့သည်။

ယန်စစ်စစ်လည်း သူမကို တမင်ရည်ရွယ်ကာ ဒုက္ခပေးခဲ့သော လူယုတ်မာအား အလွတ်မပေးချင်သောကြောင့် တစ်ခုခု ပြောရန် ပြင်ဆင်လိုက်သည်။

သို့သော် သူမ ဘာမှမပြောနိုင်သေးခင်မှာပင် အန်တီချန်က "ဒီကောင်က နောက်ထပ် ဘယ်သူ့ကို ဒီလိုအကွက်ချ စီစဉ်ဦးမယ် မသိဘူး။ အခုပဲ သူ့ကို ရဲစခန်း ပို့မှ ဖြစ်မယ်" ဟု အကျယ်ကြီး အော်ပြောလိုက်သည်။

ထိုအခါ ကျို့မိသားစုနှင့် အဆက်အဆံ မလုပ်ချင်ကြသော အိမ်နီးနားချင်းများကပါ ထောက်ခံလာကြသည်။

"ရဲလက်အပ်ပါ။ ရဲလက်အပ်ပါ" ဟု သံစုံကြွေးကြော်ကြသည်။

ထိုစဉ် အကင်းပါးသော ကျင်ကျွင်းတစ်ယောက်ချက်ချင်းပင် လွတ်လမ်းရှာကာ ထွက်ပြေးသွားတော့သည်။

ဤမြင်ကွင်းကြောင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

ယန်စစ်စစ်သည် အများကြားထဲ ကိုယ်ပါရောဒုက္ခရောက်မည်စိုးသောကြောင့် အန်တီချန် လက်ကို ဆွဲကာ ပုန်းနေလိုက်သည်။

သားဖြစ်သူနောက် လိုက်နေကြသော လူများအား စုဒါနင်က "နင်တို့ ငါ့သားကို ဖမ်းလို့ မရဘူးနော်။ ငါ့သားက, ကလေးပဲ ရှိသေးတာ။ သူက လူကို ကယ်ချင်တဲ့ စိတ်ပဲ ရှိတာ" ဟု အော်ပြောနေသည်။

ယန်စစ်စစ်သည် သူမ အိမ်မက်ထဲတွင် သူမအား ရေထဲ ပြုတ်ကျအောင်လုပ်သည့် တရားခံကို ရှာနိုင်စွမ်းမရှိခဲ့သည့်အပြင် ကောလဟာလများကြောင့် သေကြောင်း ကြံခဲ့ရသည့်အဖြစ်ကို ပြန်တွေးကာ ငိုင်သွားခဲ့သည်။

ထို့နောက် ယန်စစ်စစ်သည် လူအုပ်ကြားသို့ ဝင်ကာ ကျင်ကျွင်းဆီသို့ ဖြေးဖြေးချင်း လျှောက်လှမ်းသွားသည်။

ကျင်ကျွင်းမှာ ယခုထက်ထိ ငြင်းဆန်နေဆဲဖြစ်သည်။

"ကျွန်တော် တကယ် မလုပ်ခဲ့ပါဘူးဗျာ။ ခင်ဗျားတို့နဲ့ အနှစ် နှစ်ဆယ်လောက် နေလာခဲ့တာ၊ ကျွန်
တော့်ကို မယုံပဲ ဘာလို့ သူစိမ်း တစ်ယောက်က ပြောတာကို ယုံကြည်နေကြရတာလဲဗျာ"

ထိုစကားကြောင့် တင်းတင်းချုပ်ထားသည့် လူများ​၏ လက်များမှာ လျော့ရဲလာကြသည်။

ထိုအခါ ယန်စစ်စစ်က "အခုပဲ ဒီလူ့ကို ရဲစခန်းပို့မှ ရပါမယ်။ အဲ့လိုမှ မဟုတ်ရင် လူကြီးမင်းတို့ရဲ့သမီးပျိုတွေကိုပါ အန္တရာယ် ပြုလာနိုင်ပါတယ်။ သမီး မရှိဘူးဆိုရင်လည်း အသက်မပြည့်သေးတဲ့ ဘယ်သူ့ကိုမဆို သူက အင်အားနဲ့ အန္တရာယ်ပေးလာပါလိမ့်မယ် လူကြီးမင်းတို့" ဟု ပြောလိုက်သည်။

လူအုပ်ထဲမှ သမီးရှိသူ အမျိုးသမီးတစ်ယောက်က "ဟုတ်တယ်၊ သူသာ အပြင်မှာ ရှိနေရင် ကျွန်မ သမီးလေးကို အပြင်ထွက်ခိုင်းဖို့ စိတ်ချတော့မှာ မဟုတ်ဘူး။ ရဲစခန်းကိုသာ ပို့လိုက်ကြပါ" ဟု ထောက်ခံသည်။

ထိုအခါ စုဒါနင်က ဒေါသတကြီးဖြင့် "နင့်သမီး၊ နင့်သားကို ပို့လိုက်လေ။ ဘာကိစ္စ သူများ အဖိုးတန်သားလေးကို ဝိုင်းထောက် ချောက်ချနေကြတာလဲ" ဟု ကျယ်လောင်စွာ အော်လိုက်သည်။

ထို့နောက် အရှေ့မှာ ကျင်ကျွင်းအား ဖမ်းချုပ်ထားသော အမျိုးသား ၂ ယောက် ရဲစခန်းသို့ ဦးတည်နေကြပြီး အနောက်တွင်မူ ယန်စစ်စစ်နှင့် အန်တီချန်တို့ လိုက်ပါလာကြသည်။

သားဖြစ်သူအား ရဲစခန်းသို့ ဆွဲခေါ်သွားကြသည်ကိုကြည့်ကာ အထိတ်တလန့် ဖြစ်နေသော စုဒါနင်တစ်ယောက် ယောက်ျားဖြစ်သူအား အမြန်သွားခေါ်ပေးရန် မြေးလေးအား အမိန့်ပေးလိုက်သည်။

ကျို့ ကျင်ကျွင်းတစ်ယောက် ရဲစခန်းနှ င့်နီးကပ်လာလေလေ ကြောက်ရွံ့လာလေလေ ဖြစ်သည်။

အထဲသိူ့ ဝင်သွားလိုက်သည်နှင့် အဖမ်းခံရမည်ကိုသိနေသော ကျင်ကျွင်းတစ်ယောက် ထောင်ထဲတွင် အရိုး မဆွေးချင်သဖြင့် ရှိသမျှ အားနှင့် ရုန်းကန်တော့သည်။

ထိုစဉ် ရာဇဝတ်သား ထွက်ပြေးလိမ့်မည်ဟု မထင်ထားသည့် ယောက်ျား နှစ်ယောက်မှာ အားမစိုက်ပဲ ကျင်ကျွင်းအား ဆွဲခေါ်လာသောကြောင့် ကျင်ကျွင်း ရုန်းလိုက်သောအခါ လက်များ ချော်သွားကြသည်။

အရှေ့မှ ကျင်ကျွင်း ထွက်ပြေးလာသောအခါ အနောက်တွင်ရှိသော ယန်စစ်စစ်အား တိုက်မိလေတော့သည်။

"ဒီကောင်မ၊ အဘွားကြီးကို ခေါ်လာလိူ့ ဒီလိုတွေ ဖြစ်တာ အသေကို သတ်ပစ်မယ်" ဟု တွေးကာ ကျင်ကျွင်း တစ်ယောက် ယန်စစ်စစ်အား လည်ပင်းကိုအတင်း ညှစ်ထားလေသည်။

အန်တီချန် တစ်ယောက် ကျင်ကျွင်းအား တွန်းဖယ်သော်လည်း အားမမျှသောကြောင့် ယန်စစ်စစ်မှာ အောက်ဆီဂျင် ပြတ်လပ်ပြီး သေအံဆဲဆဲဖြစ်နေလေပြီ။

ယန်စစ်စစ် စိတ်ထဲတွင် "ငါ့ ကံကြမ္မာက တကယ်ပဲရှောင်လွှဲလို့ မရတော့ဘူးလား။ ဒီတိုင်းပဲ ထပ်သေရဦးမှာလား" ဟု တွေးနေစဉ် ရုတ်တရက် သူမလည်ပင်းမှ လက်က ဖြေလျော့သွားသည်ကိုသတိထားမိလိုက်သည်။

အားမရှိတော့သော ယန်စစ်စစ်တစ်ယောက် မြေပေါ်သို့ လဲကျသွားသည် ဟုထင်သော်လည်း သူမအား သန်မာသော လက်မောင်းတစ်စုံက ဖမ်းဆုပ်ပေးထားသည်။

ယန်စစ်စစ်သည် အသက်ဝဝ ရှုနိုင်ပြီးနောက် သူမအား ပွေ့ထားပေးသော လူအား ကြည့်လိုက်သောအခါ ရင်းနှီးနေသည့် မျက်နှာကို တွေ့လိုက်ရသည်။

"ရှင် ... ကိုး"

အန်တီချန်က အံ့ဩစွာ "နှစ်ယောက်က သိနေကြတာလား" ဟု မေးလိုက်သည်။

ထို့နောက် သူမသည် "ကျေးဇူးတင်ပါတယ်ရှင်" ဟုသာ ပြောလိုက်နိုင်ပြီး ဘေးနားရှိ လဲကျနေသောအန်တီချန်ဆီသို့ အပြေးသွားလိုက်သည်။

ထိုလူမှာ တခြားသူ မဟုတ်။ ကုကျင်းပိုင်ပင် ဖြစ်သည်။

"အန်တီချန်၊ အဆင်ပြေရဲ့လား" ဟု ယန်စစ်စစ်နှင့်ကုကျင်းပိုင် တပြိုင်တည်း မေးမိသည်။

"တော်သေးတာပေါ့၊ ကျင်းပိုင် ရောက်လာလို့။ ဟိုကောင်က မင်းကို ရေထဲ ကန်ချလိုက်တဲ့ကောင်လေ။ အခုလည်း စစ်စစ်ကို အန္တရာယ်ပြုနေတာ"

ထိုစကားကို ကြားမှ ယန်စစ်စစ်သည် သူမ​၏ ကယ်တင်ရှင် အစစ်အမှန်ကို တွေ့လိုက်ရသည်။

ထို့နောက် သူမတို့ ရဲစခန်းသို့ လိုက်သွားကာ အမှန်အတိုင်း ထွက်ဆိုကြပြီးနောက် ကျင်ကျွင်းတစ်ယောက် အဖမ်းခံလိုက်ရသည်။

ကိစ္စပြီးသောအခါ သူမ ကယ်တင်ရှင်အား လိုက်ရှာသော်လည်း ရှာမတွေ့တော့ချေ။

ထို့ကြောင့် ယန်စစ်စစ်တစ်ယောက် အန်တီချန်အား ဆေးရုံလိုက်ပို့ရန် ခေါ်လိုက်သည်။

"နေပါ သမီးရယ်။ လက်က ခြစ်ရာလေးပဲ ရှိတာပါ။ အခု အိမ်ပြန်ပြီး သမီး မိဘတွေကို ဒီအကြောင်းပြောလိုက်ဦး"

သူမလည်း နောက်နေ့မှ အန်တီချန့်အတွက်လက်ဆောင်များ ဝယ်ကာ ကျေးဇူးတင်ကြောင်းသေချာပြောမည်ဟု စဉ်းစားလိုက်သည်။

ယန်စစ်စစ် အိမ်ပြန်ရောက်သောအခါ ဟင်းချက်နေသော မိခင်အား "အမေ၊ သမီး ပြောစရာရှိတယ်။ ဒီသတင်းကို အမေ ကြားရင် သိပ်ကို ပျော်မှာ" ဟုအစချီလိုက်လေသည်။

၁၉၇၀ခုနှစ်ကသမီးချောလေးWhere stories live. Discover now