Chapter 10

537 72 0
                                    

အပိုင်း ၁၀ ဝမ်းကွဲအစ်ကို


ယန်စစ်စစ်က သူမခေါင်းကို လှည့်ကြည့်လိုက်စဉ် သူမ လုံးဝကို မသိသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမက ရုန်းမည်ကြံလိုက်သော်လည်း သူမကို သိပ်မဝေးလှသည့် နောက်ဖေးလမ်းကြားတစ်ခုထဲသို့ ဆွဲခေါ်ခြင်းကို ခံလိုက်ရတော့၏။ သူတို့ဘက်သို့ အနီရောင်အင်္ကျီဝတ်ထားသည့် ယောက်ျားကြီးတစ်ယောက်က လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမက ရုန်းလိုက်ကာ ထိုမိန်းကလေးကို ဆွဲဆိတ်လိုက်သည်။ သူမက အက်ကွဲသည့် အသံဖြင့် "ဒီနေရာက အကျယ်ကြီးပဲ။ လမ်းလျှောက်ရင်း ဘယ်ကို ရောက်သွားမှန်းမသိ ဖြစ်တတ်တယ်။ နင်ငါ့ကို တွေ့တာ ကံကောင်းတာပဲ"

"လာပါ။ ငါ့အမေက နင့်အတွက် အိမ်မှာ စားကောင်းသောက်ဖွယ်တွေ ချက်ထားတယ်"

"ကောင်းပြီ" ယန်စစ်စစ်က သဘောတူလိုက်ကာ ထိုသူစိမ်းအား စိတ်ရှုတ်စွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် မှောင်ခိုဈေးကွက်ရှိရာနှင့် ဆန့်ကျင်ဘက်ကို လျှောက်သွားလိုက်ကြတော့သည်။

သူမ ဘေးကင်းပြီမှန်း သိလိုက်မှ ယန်စစ်စစ်က ထိုမိန်းကလေးနှင့် ခပ်ခွာခွာနေလိုက်သည်။ သူမ၏ ချွေးပြန်နေသည့် လက်ကို မလွှတ်သေးသော်လည်း ခပ်ခွာခွာတွင် ရပ်လိုက်၏။ သူမကို ကယ်တင်လိုက်သည့် အမျိုးသမီးကို ကျေးဇူးတင်ကြောင်း ပြောလိုက်လေသည်။ "စောစောကအတွက် ကျေးဇူးတင်ပါတယ်"

ဝမ်ကျောင်းတိက ရဲတင်းလှသည့် မိန်းကလေးကို ကြည့်လိုက်ကာ သူမအနေဖြင့် သူမ၏ ညီမလေးအရွယ်သာ ဟုတ်မနေလျှင် သူများကိစ္စကို ဝင်ပါမည် မဟုတ်ကြောင်း တွေးလိုက်မိသည်။ သူမက နူးညံ့သည့်အသံဖြင့် သတိပေးလိုက်၏။ "ဟိုတလောလေးတုန်းက ဒီနေရာမှာ အဖမ်းအဆီးတော်တော်လေးကို ကြမ်းသွားတာ။ လူတော်တော်များများ ဖမ်းခံလိုက်ရတယ်။ မိန်းကလေး၊ နင့်မှာ လုပ်စရာ မရှိရင် အဲ့နေရာကို မသွားနဲ့"

သူမက ရုပ်ဖျက်ထားခြင်းဖြစ်သည်ကို မြင်လိုက်ရကာ "နင် ဒီနေရာကို ပထမဆုံးအကြိမ် လာတာပဲ"

"နင် ဘယ်လိုလုပ် သိတာလဲ"

"နင် ဒီလိုပုံစံ ရုပ်ဖျက်ထားတာလေးနဲ့တင် ငါ ရိပ်မိတာပေါ့" ဝမ်ကျောင်းတိအနေဖြင့် လောကကြီးအကြောင်း သိပ်မသိသေးသော်လည်း ထိုမိန်းကလေးကိုတော့ တစ်ချက်ကြည့်ရုံဖြင့် သိလေသည်။

ဝမ်ကျောင်းတိက နှင်းပွင့်များကဲ့သို့ ဖြူစွတ်နေသည့် လက်ဖြူဖြူလေးဖြင့် ခြင်းတောင်းကို ကိုင်ထားသည့် မိန်းကလေးကို ကြည့်လိုက်ရင်း သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။ "နင်က ဒီကို ဘာလာရောင်းတာလဲ"

"အသီးအရွက်တွေပါ"

"ဘာအသီးအရွက်လဲ။ ဒီမှာလူတိုင်းက ရှားပါးပစ္စည်းတွေကို ရောင်းကြတာ။ အသီးအရွက်က ဈေးထဲမှာ ဝယ်လို့ရတယ်လေ။ နင့်အသီးအရွက်ကို ဘယ်သူက ဝယ်ကြမှာလဲ"

ယန်စစ်စစ်က အနက်ရောင် အဝတ်စကို တိတ်တဆိတ်မ,ယူလိုက်ကာ သူမ မျက်နှာချင်းဆိုင်မှ ကောင်မလေးကို ကြည့်လိုက်ပြီးနောက် ခြင်းထဲမှ စတော်ဘယ်ရီသီးများနှင့် အသီးအရွက်များကို ပြန်ကြည့်လိုက်၍ သူမကို ပေးလိုက်သည်။ ထို့နောက် တိုးညင်းသည့်အသံဖြင့် "ဒီစတော်ဘယ်ရီနဲ့ အသီးအရွက်တွေက နင့်အတွက်ပါ။ စောနက ငါ့ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ သွားတော့မယ်နော်"

ဝမ်ကျောင်းတိက သူမ လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည့် အသီးအရွက်များနှင့် စတော်ဘယ်ရီသီးများကို ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားသည့် ကောင်မလေး၏ ကျောပြင်ကို ငေးကြည့်ရင်း တွေဝေနေရာမှ "ခဏနေပါဦး"

ယန်စစ်စစ်က ခြေလှမ်း အနည်းငယ် လှမ်းပြီးမှ သူမ အသံကို ကြားလိုက်သောကြောင့် သူမကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ ဝမ်ကျောင်းတိက ပြုံးပြလိုက်၍ "နင် ဒါကို ရောင်းမှာ မဟုတ်ဘူးလား။ ငါ နင့်ကို နေရာတစ်ခုနဲ့ မိတ်ဆက်ပေးမယ်"

"ဘာနေရာလဲ"

"နေရာကောင်းပါ။ လိုက်မှာလား"

ယန်စစ်စစ်က ခဏတာ တွေးလိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။ သူမအနေဖြင့် သူမ အရှေ့မှ မိန်းကလေးကို မသိပါ။ လွန်ခဲ့သည့် တစ်စက္ကန့်က သူမကို ကယ်တင်ခဲ့သူတစ်ဦး ဖြစ်သော်လည်း နောက်စက္ကန့်ပိုင်းအတွင်း သူမကို သတ်ဖို့ ကြိုးစားနိုင်မည့်သူတစ်ဦး မဟုတ်နိုင်မှန်း အာမခံ၍ မရပေ။

"နင်က ဒီလောက် ရှက်ကြောက်တတ်တာကို ဒီနေရာကို လာရဲတယ်၊ ဟုတ်လား" ဝမ်ကျောင်းတိက ဆက်မေးလိုက်သည်။ "နင့် အသီးအရွက်တွေကို ဘယ်လိုရောင်းမှာလဲ"

"အစိမ်းရောင် အသီးအရွက်တွေနဲ့ ဟင်းနုနွယ်တွေက ၂ ဆင့်ပါ။ ငရုတ်သီးက ၄ ဆင့်နဲ့ ၁၀ စေ့၊ စတော်ဘယ်ရီက ၁၀ ဆင့်စီပါ"

ယန်စစ်စစ်က သူမ ထိုနေရာကို မလာခင် လမ်းတွင် စဉ်းစားလာသည့် နှုန်းထားများကို ရေရွတ်လိုက်သည်။ သူမ အရှေ့မှ လူက သူမဆီမှ ဝယ်ယူနိုင်ရန် ရေရွတ်ပြလိုက်ခြင်းတော့ မဟုတ်ပေ။

"ဈေးအရမ်းကြီးတာပဲ။ နင့်ဟာတွေက ဈေးထဲမှာရောင်းတာထက် ထက်ဝက်လောက် ဈေးများနေတယ်"

ဝမ်ကျောင်းတိက ပြောလိုက်ပြီးမှ နောင်တရသွားသည်။ သူမ ထိုကဲ့သို့ မပြောလိုက်သင့်။ သူမ အရှေ့မှ မိန်းကလေးကလည်း သူမ၏ အလှတရားကိုပင် ဖုံးကွယ်နိုင်ခြင်း မရှိလောက်အောင် လှပသူဖြစ်ကာ သူမကပင် ထပ်မံ ကမ်းလှမ်းချက်ပြုလိုက်သည်။

"နင် ဈေးနည်းနည်းလောက် လျှော့လို့ မရဘူးလား"

"ဈေးကြီးတာတော့ ကြီးတာပေါ့။ ဒါပေမဲ့ ရာသီဥတုကိုလည်း ကြည့်ဦးလေ။ ငါက ဒီအသီးအရွက်တွေကို သေချာလေး ထိန်းသိမ်းစိုက်ပျိုးထားတာ။ သူတို့က အရမ်းကိုမှ လတ်ဆတ်တယ်။ ဘယ် အသီးအရွက်ဈေးမှာ ဒီလိုမျိုး အရွက်တွေကို ဝယ်လို့ရမှာလဲ"

ယန်စစ်စစ်ကလည်း အရှုံးမပေးဘဲ ပြန်ပြောသည်။ သူမ၏ အသီးအရွက်များက ကောင်းလွန်း၏။ ထိုမိန်းကလေးကို သူမက အတင်းရောင်းနေခြင်းလည်း မဟုတ်။ အမြင်ရှိသည့်သူက ဝယ်လိမ့်မည်။ ဝမ်ကျောင်းတိက သူမ လက်ထဲမှ စိမ်းစိုလန်းဆန်းနေသည့် အသီးအရွက်များကို ကြည့်လိုက်ကာ ချက်ချင်းပင် ဝယ်ချင်စိတ်ပေါက်သွားမိ၏။ ထိုသို့သော အသီးအရွက်ကောင်းများကို တွေ့ရခဲသည်။ သူမက ထိုအရွက်များကို ဝယ်လာပြီးမှ အဘိုးလီက လက်မခံမှာကို စိုးရိမ်မိသည်။ ခဏတာ တွေဝေနေပြီးနောက် သူမက အံကျိတ်လိုက်ကာ "အသီးအရွက် ၃ စည်း၊ ငရုတ်သီး ၅ တောင့်၊ ဟင်းနုနွယ် ၁ စည်း၊ စတော်ဘယ်ရီ ၃ လုံး"

ထိုစကားကို ကြားပြီးနောက် ယန်စစ်စစ်က ပျော်သွားကာ သူမကို မလှမ်းမကမ်းရှိ သစ်ပင်ဆီသို့ ခေါ်လာလိုက်သည်။ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီးမှ သူတို့ဘေးတွင် မည်သူမျှ မရှိကြောင်း သေချာသွားသည့်အခါ ခြင်းတောင်းကို ရဲရဲကြီး ဖွင့်၍ သူမပြောလိုက်သည့် အသီးအရွက်များကို ထုတ်ယူလိုက်၏။ စတော်ဘယ်ရီ တစ်လုံးကိုလည်း ပိုပေးလိုက်ကာ "ဒါက နင့်အတွက်။ စားပြီးရင် ဒီဈေးက လုံးဝတန်တယ်ဆိုတာ နင် သိသွားလိမ့်မယ်။ ငါ့ကို ၂၀ ဆင့်နဲ့ အကြွေစေ့ ၈ စေ့ပဲ ပေးတော့"

ဝမ်ကျောင်းတိက သူမ အဝတ်အိတ်ထဲမှ ပိုက်ဆံကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပေးလိုက်သည်။ ထို့နောက် သူမ လိုချင်သည့် အသီးအရွက်များကို ကောက်ယူလိုက်ကာ အဆစ်ပေးသည့် စတော်ဘယ်ရီသီးကို ညာလက်ဖြင့် ကိုင်၍ သူမ ပါးစပ်ထဲသို့ တန်းထည့်လိုက်တော့၏။ အသီး၏ ချိုမြိန်မှုက သူမ ခံတွင်းရှိ အရသာခံနေရာလေးများကို ထိတွေ့သွားကာ အလိုအလျောက်ပင် သူမ နောက်တစ်လုံးကို ကိုက်စားလိုက်မိတော့သည်။ ထိုသို့သော ချိုမြိန်မှုမျိုး သူမ တစ်ခါမှ မခံစားဖူးခဲ့။

ဝမ်ကျောင်းတိက သူမတွင် စုစုပေါင်း ရှိနေသည့် စတော်ဘယ်ရီ ငါးလုံးတွင် နှစ်လုံးသာ ကျန်တော့မှ ရပ်လိုက်သည်။ သူမက မော့ကြည့်လိုက်သည့်အခါ အသီးအရွက်ရောင်းသူက ထွက်သွားသည်မှာ ကြာပြီ ဖြစ်၏။ သူမနှင့်အတူ လိုက်ရန် မမေးလိုက်ရသည်ကို သူမ နောင်တရလိုက်သည်။

ယန်စစ်စစ်၏ ပထမဆုံးအကြိမ် အသီးအရွက်ရောင်းချသည့် လုပ်ငန်းစဉ်က အဖုအထစ်များရှိကာ ဖမ်းခံရလုနီးနီး ဖြစ်ခဲ့သည်။ သူမအနေဖြင့် အသီးအရွက်တချို့ကို ရောင်းလိုက်နိုင်သော်လည်း ရလာသည့် ပိုက်ဆံက အလွန်တရာ နည်းပါးလှသည်။ ယန်စစ်စစ်က တောင်းထဲတွင် ကျန်သည့် အသီးအရွက်များကို ကြည့်လိုက်ကာ သံထည်စက်ရုံဂိတ်ဆီသို့ မရပ်မနား ပြေးသွားတော့သည်။ အလုပ်ဆင်းချိန်တွင် ကောင်းကောင်းမွန်မွန် ဝတ်စားထားသည့် အလုပ်သမားများထံသို့ မသိမသာ ကပ်ကာ ရောင်းချသည့်အခါ အသီးအရွက်အများစုနှင့် စတော်ဘယ်ရီသီးတို့ကို အမြန် ရောင်းလိုက်နိုင်သည်။ သူတို့ထဲတွင် စတော်ဘယ်ရီသီးက ဈေးအကြီးဆုံး ဖြစ်သော်လည်း ရောင်းအကောင်းဆုံး ဖြစ်သည်။ ခဏလေးအတွင်း အကုန်ရောင်းကုန်သွားသည်။ လူများက သတင်းကြားသည့်အခါ သူမထံသို့ အပြေးလာကြသော်လည်း ရောင်းကုန်သွားပြီ ဖြစ်သောကြောင့် ပြန်ကြရုံသာ။ သူမကို နောက်ရက်ကျ စတော်ဘယ်ရီ ပိုယူလာရန် မှာဖို့လည်း မမေ့ကြ။ ယန်စစ်စစ်က နာရီအနည်းငယ်လောက် ဟိုပြေး ဒီပြေး လုပ်ပြီးနောက် ၂ ယွမ်နှင့် ၅ ဆင့် ရလိုက်သည်။ သူမ မျှော်မှန်းထားသည်ထက် အများကြီး ပိုခြင်း ဖြစ်သည်။ သူမထွက်လာတုန်းက သူမအနေဖြင့် အသီးအရွက်အကုန်လုံးကို မရောင်းလိုက်ရမှာကို စိုးရိမ်နေခဲ့သော်လည်း သူမ အကုန်လုံးကို ရောင်းနိုင်လိမ့်မည် ထင်မထားခဲ့။ အိမ်သို့ မပြန်မီ သူမ ရုပ်ဖျက်ထားသည်ကို ဖျက်လိုက်သည်။ သူမ အိမ်တံခါးကို ဖွင့်ဖွင့်ချင်း သူမ မိခင်က အဝတ်အစားများနှင့် စားစရာများကို ထုတ်ပိုးနေသည်ကို မြင်လိုက်ရသည်။ "အမေ၊ ဘာလို့ အထုတ်ပြင်နေတာလဲ"

သူမ မိခင်က ပစ္စည်းများကို အဝတ်စနှင့် ထုတ်ပိုးပြီးနောက် ဗီဒိုအပေါ်ဆုံးထပ်တွင် တင်လိုက်ကာ သူမကို ပြန်ကြည့်လိုက်ပြီး "သမီး၊ ဘာလို့ အပြင်တွေ လျှောက်သွားပြန်တာလဲ။ မနက်ဖြန် သဘက်ခါဆိုရင်ပဲ ကျောင်းပြန်တက်ရတော့မယ်။ ဒီနေ့ကျောင်းလည်း မသွားတော့ အိမ်စာတွေ အများကြီး လွတ်ကုန်တော့မှာပဲ" သူမ မိခင်၏ ပူညံပူညံ ဓာတ်ပြားဟောင်းကြီး ဖွင့်တော့မည်ကို မြင်သောအခါ ယန်စစ်စစ်က သူမဆီသို့ ခြင်းတောင်းလေးဖြင့် အပြေးကပ်သွားပြီး ချွဲနွဲ့သည့်ဟန်ဖြင့် "အမေ၊ အမေပြောတော့ ဟင်းတွေက စားကောင်းတယ်ဆို။ သမီး ထပ်ဝယ်လာသေးတယ်" ထိုသို့ ပြောပြီးနောက် သူမ မိခင်က သူမကို ဆက်လက်မေးမြန်းလာမည်ကို ကြောက်သောကြောင့် "အမေ၊ သမီး ရွာကို အမေနဲ့ အတူတူလိုက်ခဲ့လို့ရလား"

သူမက သူမ၏ အဘိုး၊ အဘွားနှင့် ဝမ်းကွဲများကို မတွေ့ရသည်မှာ ကြာလှပြီ ဖြစ်သည်။ သူမ မွေးရပ်မြေတွင် တောတောင်မြစ်ချောင်းများရှိသောကြောင့် ထိုအခွင့်အရေးကို ယူကာ အပင်တချို့ကို နေရာလွတ်နယ်မြေထဲသို့ ပြောင်းရွှေ့လို့ရနိုင်သည်။ သူမအနေဖြင့် ငါးနှင့် ပုစွန်များကိုပင် ယူကာ နေရာလွတ်နယ်မြေတွင် မွေးမြူထားနိုင်သည်။
"သမီး ဒဏ်ရာက မသက်သာသေးဘူး။ နောက်တစ်ခါမှ ခေါ်သွားမယ်လေ" သူမ မိခင်က ခြင်းတောင်းထဲကို ကြည့်ပြီး ဟင်းသီးဟင်းရွက်များကို မြင်သည့်အခါ ကျေနပ်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ နေ့လယ်က ဆေးရုံသို့ ယူသွားသည့် သီးရွက်စုံကြော်ကို သူမ ခင်ပွန်းက ချီးကျူးထောပနာပြုလိုက်သည်။ သူမက မီးဖိုချောင်ထဲသို့ ဝင်ကာ ညစာပြင်ချိန်တွင် သူမ သမီးကို မမေ့မလျော့ ပြောလိုက်သည်မှာ "နောက်လည်း မကြာမကြာ ဝယ်လာခဲ့နော်။ ပိုက်ဆံရော ရှိသေးရဲ့လား။ သမီးပိုက်ဆံ မလောက်ရင် အမေထပ်ပေးမယ်နော်" ယန်စစ်စစ်က ဧည့်ခန်းတွင် ခွေးခြေခုံနှင့် ထိုင်နေကာ ခေါင်းခါလိုက်၍ "သမီးမှာ ပိုက်ဆံကျန်သေးတယ်" ဟု ပြောလိုက်သည်။ အိမ်တွင် သုံးစရာ နေရာ များပြားလွန်းသည့်အထဲ သူမက ဘယ်လိုလုပ်၍ မုန့်ဖိုး ထပ်တောင်းနိုင်မည်နည်း။

ညစာကတော့ ဆန်ပြုတ်နှင့် ဟင်းနုနွယ်ရွက်ကြော်ဖြစ်သည်။ ယန်စစ်စစ်က ဆန်ပြုတ်ကို တစ်ဇွန်းသောက်လိုက်၍ "အမေ၊ အဖေက ဘယ်တော့မှ ဆေးရုံက ဆင်းရမှာလဲ"

"နောက်တစ်ရက်လောက်တော့ စောင့်ကြည့်မယ်ပြောတယ်။ ပြဿနာ မရှိရင် ဆင်းလို့ရပြီတဲ့"

"ဒါဆို သမီး မနက်ဖြန်သွားပြီး အဖေ့ကို ဆေးရုံကနေ ခေါ်လာခဲ့မယ်"

မစ္စယန်က သူမ ဆေးရုံတွင် မကြာခဏတွေ့နေရသည့် တူတော်မောင်ကို သတိရသွားကာ "သမီး ပစ္စည်းတွေ နိုင်လို့လား။ အစ်ကိုထုန်ကို မနက်ဖြန်ကျ ကူသယ်ခိုင်းလိုက်"

ယန်စစ်စစ်က ထိုစကားကို ကြားသည့်အခါ သူမလျှာကို ကိုက်မိလိုက်ပြီး ရှုးခနဲ ပြုမူလိုက်သည်။ မစ္စယန်က စိတ်ပူသွားကာ "ဘာဖြစ်လို့လဲ သမီး" ဟုမေးလိုက်သည့်အခါ "သမီး လျှာကိုက်မိလို့" ဟု ပြောလိုက်သည်။ သူမ နာကျင်မှု ပျောက်သွားသည့်အခါမှ "ဝမ်းကွဲအစ်ကိုက အဲ့ကို သွားပြန်ပြီလား"

မစ္စယန်က ဟင်းနုနွယ်ကို စားနေရင်း "နှစ်ခါရှိပြီ။ သမီးအဖေကတော့ မကြာမကြာလာတယ် ပြောတာပဲ"

"သူ့မှာ လုပ်စရာ မရှိဘူးလား။ သူက ဘာလို့ အဖေ့ကို ဆေးရုံမှာ လာလာတွေ့နေတာလဲ အဖေ့အလုပ်ကို သူ လုမလို့လား"

ယန်စစ်စစ်က သံသယ အပြည့်ဖြင့် မေးလိုက်သည်။ သူက သူမ ဖခင်ဆီသို့ ခဏခဏလာနေခြင်းက မသင်္ကာစရာ ကောင်းလှသည်။ သူမပြောသည်ကို ကြားသည့်အခါ မစ္စယန်က ခေါင်းခါလိုက်ပြီး "မဖြစ်နိုင်တာ။ တခြားသူတွေသာ သမီးအဖေကို အဲ့လို လုပ်ချင်လုပ်မယ်၊ ရှောင်ထုန်ကတော့ အဲ့လိုလုပ်မှာ မဟုတ်ဘူး"

ယန်ရှန်းထုန် ငယ်ရွယ်စဉ်က လွန်စွာ အကျင့်မကောင်းသည့် ကလေးတစ်ယောက်ဖြစ်ကာ အမြဲလိုလို ပြဿနာဖြစ်လေ့ရှိသည်။ တစ်ရက် သူ့မွေးရပ်မြေတွင် ဆော့နေရင်း မတော်တဆ ရေထဲသို့ ကျသွားတော့သည်။ သူမ၏ ခင်ပွန်း ယန်အိုက်ကောင်းက ဖြတ်သွားရင်း တွေ့လိုက်ကာ သူ့ကို ကယ်တင်ပေးလိုက်သည်။

ထိုအချိန်မှစ၍ ယန်ရှန်းထုန်က တခြားလူတစ်ယောက်ကဲ့သို့ ဖြစ်သွားကာ ပို၍ ရိုးသားလာပြီး အကျင့်စာရိတ္တလည်း ကောင်းမွန်လာသည်။ နေ့တိုင်းလိုလို အိုက်ကောင်းနောက်သို့ လိုက်ကာ သူ့မိသားစုတွင် တစ်ခုခုဖြစ်တိုင်း ကူညီရန် ပထမဆုံးရောက်လာတတ်သူ ဖြစ်သည်။

ယန်စစ်စစ်က သူစာအုပ်ထဲတွင်တွေ့လိုက်ရသည့် ယန်ရှန်းထုန်က ဒုတိယညွှန်ကြားရေးမှူး၏ သမီးကို သွားစကားပြောသည့်အကြောင်းကို ခေါင်းထဲက ထုတ်မရပေ။ ဒုတိယညွှန်ကြားရေးမှူးက သူတို့သမီးကို လက်မထပ်ခင် အတည်တကျ အလုပ်တစ်ခု ရှာဖွေရန် ယန်ရှန်းထုန်ကို ပြောခဲ့သည်။ မဟုတ်လျှင် လက်ထပ်ခြင်းကို ခွင့်မပြုဟု ဆိုခဲ့သည်။

ဦးလေးမိသားစု၏ အကြီးဆုံးအစ်ကိုက လွန်ခဲ့သည့် နှစ်အနည်းငယ်က အလုပ်တစ်ခုကို ယွမ် ၃၀၀ ဖြင့် ဝယ်ယူခဲ့သည်။ အစ်ကိုရှန်းထုန်က ဒုတိယအစ်ကိုဖြစ်သည်။ သူက ရွာကိုသွားပြီးမှ နေမကောင်းသောကြောင့် မြို့ပေါ်သို့ ပြန်တက်လာခြင်း ဖြစ်သည်။ သူရောက်လာပြီး တစ်နှစ်ကြာသည်အထိ အလုပ်ရှာမရခဲ့။ တတိယဝမ်းကွဲက အကြီးဆုံး အဒေါ်၏ အချစ်ဆုံးဖြစ်သည်။ သူက ရွာကို သွားသည့်အခါ သူ့ဝမ်းကွဲက အစားထိုးလိုက်၍ အဆက်အသွယ်များဖြင့် အလုပ်ကို ဝယ်ယူလိုက်တော့သည်။

သူတို့မိသားစု၏ တခြားအမျိုးအဆွေများကလည်း ထိုမွေးရပ်မြေတွင်ပင် ဖြစ်သည်။ ယန်စစ်စစ်၏ ဖခင်က အမြဲလိုလို ကြင်နာတတ်သူဖြစ်ကာ ရန်သူ သိပ်မရှိ။ စက်ရုံမှ လုပ်ဖော်ကိုင်ဖက်များနှင့် ခြံဝန်းအတွင်းမှ အိမ်နီးချင်းများနှင့် လိုက်လျောညီထွေ ချစ်ချစ်ခင်ခင် ပေါင်းသင်း ဆက်ဆံတတ်သည်။

မိသားစု၏ အမျိုးများကို ကြည့်လိုက်လျှင် ယောက်ျားလေးများအကြား ဒုတိယဝမ်းကွဲအစ်ကိုက ဘယ်သောအခါမှ အလုပ်အကိုင် အတည်တကျ မရှိ။ တခြားသူများကလည်း သာမန်အလုပ်သမားများ ဖြစ်လျှင် ဖြစ်၊ မဟုတ်လျှင်လည်း ယာယီ အလုပ်သမားများသာ ဖြစ်ကြသည်။

သူမှန်းတာ မှားသွားခြင်းလည်း ဖြစ်နိုင်သည်။ အစ်ကိုရှန်းထုန်က ငယ်ရွယ်စဉ်ကတည်းက သူမအပေါ် ကြင်နာတတ်သည်။ အစ်ကိုရှန်းထုန်က သူမအပေါ်ကို ကြင်နာလွန်းသောကြောင့် သူမ ဒေါသထွက်မိလျှင်ပင် ပြေလျော့သွားတတ်သည်သာ။

ယန်စစ်စစ်က သူမ၏ တူကို ကိုက်လိုက်ကာ "ပြည်သူ့ လုံခြုံရေးဌာနက ဘာသတင်းမှ မကြားဖူးလား"

ယခုနောက်ပိုင်း စာအုပ်ထဲမှ အကြောင်းအရာများကို သူမ ပိုပိုမေ့လျော့လာသည်။ သူမအနေဖြင့် ထိုအကြောင်းအရာများကို ခဏတာသာ မှတ်မိနိုင်စွမ်းရှိခြင်း ဖြစ်မည်။ သူမ မှတ်မိနေသည့် အချိန်အတွင်း အားလုံးကို ချရေးထားမှ ဖြစ်မည်ဟု တွေးလိုက်သည်။

မစ္စယန်က ညစာ စားပြီးသောအခါ မီးဖိုချောင်ထဲသို့ သွားလိုက်ပြီး ထုတ်ပိုးထားသည့် အလူမီနီယမ် ဘူးလေးကို ယူကာ အပြင်သို့သွားရန် အသင့်ပြင်လိုက်သည်။ "မကြားသေးဘူး သမီး။ အမေ အဖေ့ကို စားစရာ သွားပို့ဦးမယ်။ လျှောက်မသွားနဲ့နော်"

ယန်စစ်စစ်က တံခါးပိတ်သွားသည်ကို ကြည့်လိုက်ကာ အစားကို မြန်မြန်စားလိုက်ပြီး ပန်းကန်များကို ဆေးကြော၍ အခန်းတွင်းသို့ ပြန်ဝင်လိုက်သည်။ အံဆွဲထဲမှ စာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်ကာ သူမ လက်ရှိအချိန်ထိ မှတ်မိသမျှ မှတ်ဉာဏ်များကို ချရေးထားလိုက်တော့၏။

၁၉၇၀ခုနှစ်ကသမီးချောလေးTempat cerita menjadi hidup. Temukan sekarang