Chapter 3

767 88 0
                                    


Seventy 3


မစ္စတာယန်သည် သေချာ ပြန်စဥ်းစားကြည့်ပြီးနောက် ဖြည်းဖြည်းချင်း စတင်ပြောတော့သည်။

"အဲ့တစ်ညက စက်ရုံကနေ အဖေ့ကို အချိန်ပိုဆင်းခိုင်းလို့ ဆင်းနေရင်း ည ၈ နာရီမှ ပြီးတယ်၊ အဲ့အချိန်မှာ အဖေ့ခေါင်းကို အိတ်တစ်လုံးနဲ့ အစွပ်ခံလိုက်ရတာပဲ"

မစ္စတာယန် ဆက်ပြောလိုက်သည်။

"ပြီးတာနဲ့ လူတစ်ယောက်က အဖေ့ကို အနောက်ကနေ ချုပ်ထားပြီး နောက်တစ်ယောက်က ခန္ဓာကိုယ်အပေါ်ပိုင်းကို တုတ်နဲ့ ရိုက်တယ်၊ လက်မောင်းပေါ် ၃ ချက်၊ ခေါင်းကိုတော့ အချက်ပေါင်း မနည်းဘူး၊ အဖေလည်း အားကုန်ရုန်းပြီး သူ့ကို နံရံပေါ် ပြန်တွန်းလိုက်တယ်၊ ခေါင်းပေါ်က အိတ်ကိုလည်း ချွတ်မရတော့ အကူအညီ အော်တောင်းရတာပဲ၊ နောက်ဆုံးတော့ စက်ရုံထဲက အစောင့်တွေက အဖေ့အော်သံကို ကြားပြီး ပြေးလာတော့ သူလည်း လန့်ပြေးသွားတယ်၊ ဘာလို့ ရိုက်လဲတော့ အဖေလည်း မသိဘူး"

အရိုက်ခံရသောနေရာ အသေးစိတ်ကိုမူ သမီးဖြစ်သူ လန့်မည်စိုးသဖြင့် မစ္စတာယန် မပြောတော့ချေ။ ယန်စစ်စစ်သည် ၎င်းကို ကြားသောအခါ ဒေါသထွက်ထွက်နှင့် မျက်မှောင်ကြုတ်လိုက်၏။

"ဒီလူတွေက အတင့်ရဲလွန်းတယ်။ သူ ဘယ်လိုပုံလဲဆိုတာ မမြင်လိုက်ဘူးလား"

"လက်ချောင်း ၆ ချောင်း ရှိတာတော့ သိလိုက်တယ်"

မစ္စတာယန်သည် သမီးဖြစ်သူ၏ ဒဏ်ရာရထားသော ခေါင်းကို ကြည့်ပြီး သူမ စိတ်ပူမည်ကို စိုးသဖြင့် ရေးကြီးခွင်ကျယ် မဟုတ်သလို ဟန်ဆောင်ကာ ပြောလိုက်၏။

"ဒီဟာတွေ အားလုံးကို ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဆီ ပြောလိုက်ပြီးပြီ၊ တရားခံ ရှာတွေ့မှာပါ။ စိတ်ချလိုက်"

ထူးခြားသော လက္ခဏာဖြစ်သည့် လက်ချောင်း ၆ ချောင်းကို ယန်စစ်စစ် ကြားလိုက်သောအခါ သူမအနီးအနားတွင် ရှိသမျှလူများအား စုံစမ်းရန် စီစဥ်လိုက်၏။ ထိုသို့ဆိုလျှင် သဲလွန်စ ရှာဖွေ တွေ့ရှိနိုင်ပေသည်။

မစ္စတာယန်သည် မိမိ အရိုက်ခံရသည်ထက် သမီးဖြစ်သူကို ပိုစိတ်ပူမိ၏။ ယမန်နေ့က မဒမ်ယန် ပြောခဲ့သောအကြောင်းကို တွေးကြည့်သောအခါ သူမျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"အမေ့ စကားကို နားထောင်နော်။ မနေ့ညက ဟိုမိသားစု လာသွားတယ်ဆို?"

ယန်စစ်စစ် ခေါင်းငြိမ့်လိုက်၏။

"အင်း။ ဒါပေမဲ့ သမီး သူတို့ကို ခြောက်လွှတ်လိုက်တယ်"

"အဲ့ကလေးက ဒီလို လူစားမှန်း သိခဲ့ရင် ခွေးကျွေးရမယ်ဆိုရင်တောင် လက်ဖွဲ့ပစ္စည်းတွေကို သူတို့ အိမ်ဆီ မပို့ခဲ့ပါဘူး"

မစ္စတာယန်သည် လွန်ခဲ့သော ရက်ပိုင်းခန့်က မိမိပို့ပေးခဲ့သော ပစ္စည်းထုပ်ကြီးကို စဥ်းစားလိုက်သောအခါ ဒေါသ ထွက်သထက် ထွက်လာတော့သည်။ သူ၏ ရင်ဘတ်ပေါ်ရှိ အပြာရောင်သွေးကြောများက ထောင်တက်လာပြီး အပြင်ပန်းတွင် နူးညံ့သိမ်မွေ့ဟန်ရသော်လည်း ထင်တိုင်းကြဲတတ်သည့် လူငယ်လေးအား အလွန် စိတ်တိုမိနေသည်။

အဆုံးတွင် ဤသည်မှာ မိမိ အပြစ်သာ ဖြစ်ပေသည်ဟု မစ္စတာယန် ထင်မိ၏။ သူသည် သေချာ မစုံစမ်းခဲ့သောကြောင့်သာ ဤကဲ့သို့ ကိစ္စများ ဖြစ်ခဲ့ခြင်းပင်။

"ဟုတ်ပါပြီ။ အခုပြောလို့လည်း ဘာထူးမှာလဲ။ သူ့မိသားစုကို ငြင်းလွှတ်ရင် အဲ့လူတွေက ထပ်ပြီး ပေါက်ကရတွေ ပြောဖို့ အများပိုင် တိုက်အထိ သွားမှာ သေချာတယ်၊ အဲ့အချိန်ကျ ကောလဟာလတွေ ပလူပျံနေတော့မှာ။ အဲဒါဆို ဒီကောင်မလေး သိက္ခာ ဘယ်လိုဖြစ်သွားမလဲ"

ရေထဲ မတော်တဆ ပြုတ်ကျသွားခဲ့ခြင်းကြောင့် အများပိုင် တိုက်ထဲတွင် မိမိ၏ သမီးလိမ္မာလေး သိက္ခာပျက်ပြားရမည်ကို မဒမ်ယန် တွေးမိသောအခါ မျက်နှာ နီရဲလာသည်။

"ပြီးတော့ ဝေ့မင်အမေရဲ့ စရိုက်ကလည်း ကျွန်မတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး၊ ဒါကို သိလျက်နဲ့တောင် ကျွန်မ သမီးကို မလွှတ်ဘဲနေရမှာလား"

"ဟ၊ ငါတော့ မပေးစားချင်ဘူးကွ။ သူ့မိသားစုက ဘာမို့လို့ ငါတို့ကို လာအထင်သေးနေတာလဲ"

မစ္စတာယန်သည် ထိုစကားလုံးများကို ကြားသောအခါ ပို၍ပင် ဒေါသထွက်သွား၏။ ထိုကောင်လေးမှာ ဝါးရိုးတမျှ ပိန်လှီပြီး အမေက အရှေ့ဟုပြောလျှင် အနောက်ဘက်အရပ်သို့ ခြေမလှမ်းရဲသူဖြစ်သည်။ သူသည် ထိုကောင်လေးအား မနှစ်မြို့သည်မှာ ကြာပေပြီ။ သူ၏ ဖခင်နှင့် ထိုကောင်လေး၏ အဘိုးဖြစ်သူကသာ ယခင်က မြေးနှစ်ဦးကို လက်ဆတ်ပေးခဲ့ရန် ကတိမထားခဲ့လျှင် သူသည် မိမိ သမီးငယ်အား ထိုကောင်လေးနှင့် လက်ထပ်ပေးမည် မဟုတ်ချေ။

"ရိုးရိုးလေး စဥ်းစားကြည့်လိုက်ရင် ကျွန်မတို့ သမီးက ရေကန်ထဲပြုတ်ကျပြီး သူက ကယ်ပေးထားတာဆိုတော့ ကျွန်မတို့ သမီးကို လက်ထပ်ချင်တဲ့လူတွေ အများကြီး မရှိ‌လောက်တော့ဘူး"

ဤကိစ္စများသည် တစ်ခုပြီး တစ်ခု ဖြစ်ပျက်နေသဖြင့် မဒမ်ယန်မှာ စိတ်ပူရလွန်းသောကြောင့် ဆံပင်ပင် ဖြူလုမတတ်ရှိနေ၏။ မှန်ပေသည်၊ ဤလောကကြီးသည် မိန်းကလေးများအပေါ် အညှာအတာ ကင်းမဲ့လွန်း၏။ ဤကိစ္စဖြစ်သည်နှင့် မိန်းကလေး တစ်ဦးသည် ခင်ပွန်းကောင်း တစ်ဦး ရှာရန် မဖြစ်နိုင်တော့ချေ။

"ငါ့သမီး တစ်ဘဝလုံး အိမ်ထောင် မပြုနိုင်ဘူးဆိုရင်တောင် ငါ ရှာကျွေးနိုင်ပါသေးတယ်"

မစ္စတာယန်သည် ၎င်းကို ကြားသောအခါ မရွှင်မပျဖြစ်သွား၏။ ထို့ကြောင့် သူမသည် သမီးဖြစ်သူ၏ ချောမောသော ရုပ်ရည်ကို ကြည့်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

"ပြီးတော့ ငါ့သမီးက ဒီလောက်ချောတာကို မကြိုက်တဲ့သူ ရှိဦးမလား"

ယန်စစ်စစ်သည် သူမ မျက်နှာကို ပြန်ထိကိုင်ပြီး အရှက်မရှိစွာ ပြောလိုက်သည်။

"ဟုတ်ပါ့။ သမီးက ဒီလောက် ချောတာကို သားမက်တစ်ယောက်လောက်တော့ ရှာပေးနိုင်ပါတယ်"

အိပ်မက်အပြီးတွင် ယန်စစ်စစ်သည် များစွာ စိတ်အေးနေလေ၏။ ယခင်ကလို အိမ်ထောင်ပြုမည့်အရေးကိုလည်း သိပ်စိတ်မပူတော့ချေ။ သူမသည် မိမိ၏ သောကရောက်နေသော မိဘအိုနှစ်ပါးကို နှစ်သိမ့်လိုက်၏။

"ဒီကိစ္စကို စိတ်မပူပါနဲ့။ ဖြစ်ပြီးမှတော့ စဥ်းစားနေလို့ ဘာထူးမှာလဲ။ သမီး ဝေ့မင်ကို ပြောလိုက်မယ်၊ သူလက်ခံနိုင်မလား ကြည့်ကြတာပေါ့၊ မဟုတ်ဘူးဆိုရင်တော့ အားလုံးတတ်နိုင်သမျှ လမ်း စောစောခွဲတာ အကောင်းဆုံး ဖြစ်မယ် ထင်တယ်"

သူမအား ဤကိစ္စလေးအတွက်နှင့် လက်ထပ်ပွဲဖျက်သိမ်းလိုသည်ဆိုလျှင် ရှုဝေ့မင်မှာ သူမ တစ်ဘဝ စာလုံးအား ပုံအပ်သင့်သောလူ မဟုတ်ပေ။ ဤကဲ့သို့ လူမျိုးအား လက်လွှတ်ရရုံဖြင့် သူမ နှမြောစရာ ဘာအကြောင်းရှိမည်နည်း။

မစ္စတာယန်သည် ဤစကားများကို ကြားသောအခါ ဘာမှဆက်မပြောတော့ဘဲ သမီးဖြစ်သူ၏ ပုခုံးကိုပုတ်ကာ နှစ်သိမ့်သော လေသံနှင့် ပြောလိုက်၏။

"အဲ့ကလေးသာ စေ့စပ်ထားတာ ဖျက်သိမ်းမယ်ဆိုရင် အဖေက သမီးကို ပိုကောင်းတဲ့လူ ရှာပေးမယ်"

"ရှင့်သမီးကို အဲ့မှာ အလိုလိုက်နေလိုက်"

သားအဖနှစ်ဦးကို ဒေါသတကြီးနှင့် စိန်းစိန်းဝါးဝါးကြည့်ရင် မဒမ်ယန်သည် ထမင်းဘူးကို ထုပ်ပိုးကာ မစ္စတာယန်ကို ပြောလိုက်သည်။

"သမီးကို ပတ်တီးလဲဖို့ ပြန်ခေါ်သွားရဦးမယ်။ ရှင်တစ်ယောက်တည်း ဒီမှာနေနိုင်လား"

မစ္စတာယန်သည် သူ၏ လက်ကို ဝှေ့ယမ်းကာ ကပြာကယာ ပြောလိုက်သည်။

"မြန်မြန် ငါ့သမီးကို ပတ်တီး သွားလဲပေးလိုက်ဦး၊ ပြီးတော့ ဆရာဝန်ကို မေးကြည့်လိုက်၊ သူ့ဒဏ်ရာအခြေအနေ ဘယ်လိုလဲလို့။ ငါ့ကို ကြည့်ပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ရှိနေတာမို့ ငါ့အတွက်တော့ စိတ်မပူနဲ့"

ယန်စစ်စစ်သည် သူမခေ ါင်းပေါ်က ပတ်တီးကို ထိကိုင်ကြည့်လိုက်သည်။

"အဖေ ဒါဆို သမီးအရင် ပတ်တီး လဲလိုက်ဦးမယ်။ ပြီးရင် နေ့လယ်ကျ နေ့လယ်စာ ယူလာခဲ့မယ်နော်"

မစ္စတာယန်သည် အိပ်ရာပေါ်ထိုင်ပြီး တံခါးဝဆီ ခြေလှမ်း ပြင်နေသော မဒမ်ယန်ကို ပြောလိုက်သည်။

"အကောင်းဆုံးဆေးကို ညွှန်းပေးဖို့ ဆရာဝန်ကို မေးလိုက်၊ ငွေကို နှမြောမနေနဲ့"

ယန်စစ်စစ်သည် မဒမ်ယန် အနောက်မှ လိုက်ကာ ဆေးရုံလူအုပ်ကြီးထဲသို့ ပြန်ရောက်သွားပြန်၏။ ဆေးပြန်ထည့်ပြီး ပတ်တီးလဲရန် တစ်နာရီခန့် ကြာပြီးမှ သူမသည် ဆေးရုံဂိတ်တံခါးကနေ ပြန်ထွက်နိုင်တော့သည်။

အိမ်အပြန်လမ်းတွင် ယန်စစ်စစ်သည် မိခင်ဖြစ်သူကို လှည့်ကြည့်ပြီး‌ မေးလိုက်၏။

"အမေ၊ အဖေ ဒဏ်ရာ ရထားတာကို သူဌေးတို့မိသားစုသိလား"

"မသိဘူး။ ပြောလည်း မပြောခဲ့ဘူး၊ နင့်အဖေလက်မောင်းပါ ဒဏ်ရာရထားတာဆိုတော့ ဒီတစ်လောအတွင်း အလုပ်သွားနိုင်မှာ မဟုတ်ဘူး၊ သူဌေးသာ သိရင် တစ်မျိုး ထင်သွားလိမ့်မယ်"

"အဖေက ဘာပြောလဲ"

"လျှို့ဝှက်ထားရအောင်တဲ့"

"အဖေ့ လက်မောင်းက ဘယ်လောက်နေမှ ပြန်ကောင်းမှာတဲ့လဲ"

"အရိုး နည်းနည်းကျိုးသွားတာမို့ ၁-၂ လလောက်ကြာမယ်လို့ ဆရာဝန်က ပြောတာပဲ၊ နင့်အဖေအလုပ်ကို ဘာလို့မေးတာလဲ"

"အဖေ့အစား ၂ လ လောက် ဝင် အလုပ်လုပ်မလားလို့"

မဒမ်ယန်သည် ချက်ချင်းဆိုသလို ခြေလှမ်းများရပ်တန့်သွားပြီး ပန်းပွင့်ဖတ်တမျှ နုနယ်လှသော သူမသမီးဖြစ်သူကို လှည့်ကြည့်ပြီး တစ်ခါတည်း ခြိမ်းခြောက်လိုက်၏။

"နင် ပစ္စည်းအလေးတွေ မနိုင်မှာတဲ့လား။ ပြီးတော့ နင့်အဖေ သူဌေးက မိန်းကလေးတွေကို ကြည့်ရတာမဟုတ်ဘူး၊ လူမိသွားတာနဲ့ အပြစ်ပေးဖို့ လွယ်သွားလိမ့်မယ်"

သူမသည် မိန်းကလေးတစ်ဦး ဖြစ်သည့်တိုင် အဘယ်ကြောင့် ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ချင်နေရသနည်း။

ယန်စစ်စစ်သည် ချက်ချင်းပင် ကြောင်အမ်းသွား၏။ သူမသည် ထိုမျှလောက် မစဥ်းစားခဲ့ချေ။

မဒမ်ယန်သည် ရှေ့ဆက်လျှောက်ရင်း ဝမ်းနည်းနေသော သမီးဖြစ်သူကို မြင်သောအခါ ပြောလိုက်၏။

"အိမ်ပြန်ပို့ပြီးရင် စက်ရုံခေါင်းဆောင်တွေ ဘာပြောမလဲ သွားမေးကြည့်လိုက်မယ်၊ သမီးအဖေ ခွင့်ရက်ရှည်ရပြီး ပြန်ကောင်းသွားမှ အလုပ်ပြန်တက်ခိုင်းတာ အကောင်းဆုံးပဲ"

ယန်စစ်စစ်သည် ၎င်းကို ကြား‌သောအခါ စိတ်အေးသွား၏။ ဖခင်ဖြစ်သူသာ ခွင့်ရက်ရလျှင် အကောင်းဆုံး ဖြစ်ပေမည်။ မရနိုင်လျှင် ထိုအလုပ်နေရာတွင် သူမအား နှစ်လခန့် အစားထိုးရန် မိခင်ကို ဖျောင်းဖျရချေမည်။ ဤကဲ့သို့ ယာယီ အစားထိုးအလုပ်ကို လုပ်ချင်သောသူ များစွာ ရှိနေ၏။

ခေတ္တအကြာတွင် နှစ်ဦးသားသည် မိသားစုတိုက်ခန်း၏ အောက်ထပ်သို့ ပြန်ရောက်လာတော့သည်။ သူတို့အနား မကပ်လာနိုင်ခင်တွင် အိမ်နီးချင်းများက လက်ညှိုး တထိုးထိုးနှင့် တီးတိုးရေရွတ်နေကြသည်ကို သားအမိ နှစ်ဦး ကြားလိုက်ရသည်။

"သူ့အိမ်လေ"

"သမီး လုပ်တဲ့လူက ရေထဲကို ချော်လဲပြုတ်ကျပြီး အဖေက ချောင်းရိုက်ခံရတာ၊ ဘာမဟုတ်တာ လုပ်ထားကြလဲ မသိဘူး"

"ဘယ်သိမလဲ။ မပြောနဲ့တော့။ စောင့်ကြည့်ကြတာပေါ့"

လှေကားပေါ် တက်ကြည့်လိုက်သောအခါ အခြားမိသားစုများသည် သူတို့ သွားနေတုန်း ရောက်လာကြပုံရ၏။ သူတို့ အိမ်ထဲတွင် မရှိကြောင်း မြင်သောအခါ သူတို့သည် မိသားစု တိုက်ခန်းထဲသို့ဝင်၍ ပေါက်ကရများ ပြောနေခဲ့ကြသည်။ မဒမ်ယန်သည် ထိုအကြောင်းကို စဥ်းစားမိသောအခါ ခြေသံကို လေးလေးနင်းမိသွားသည်။ သူမသည် ထိုအိမ်နီးချင်းများ အားလုံးကို မိမိခြေထောက်အောက်တွင် ဖိနင်းချင်နေသည့်အတိုင်းပင်။

ယန်စစ်စစ်သည် မဒမ်ယန် အနောက်သို့ လိုက်၍ ၃ လွှာသို့ တက်သွားသည်။ ထိုအခါ ပုံမှန်အားဖြင့် မိခင်ဖြစ်သူနှင့် ခင်မင်သော အန်တီချိုင်မှ ရောက်ချလာပြီး သူမ၏ အိမ်ထဲသို့ မိမိတို့အား ဆွဲခေါ်သွားတော့၏။

"ပြန်လာကြပြီလား"

"အန်တီချိုင်၊ သမီးတို့ အိမ်ကို လူဝင်သေးတာလား"

ယန်စစ်စစ်သည် စူးရှစွာ ပြောလိုက်၏။ ထို့ကြောင့် သူတို့ပြန်လာသည်ကို မြင်သောအခါ အပြင်မှ အိမ်နီးချင်းများသည် စကားပြော ရပ်သွားကြသည်။

"မနက်က အဘွားကြီး နှစ်ယောက် ရောက်လာပြီး အော်ကြီးဟစ်ကျယ်နှင့် တံခါးဝမှာ စစ်စစ်ကို သူ့သားက ကယ်လိုက်တာလို့ ပြောနေခဲ့တာ၊ လက်ထပ်ဖို့ လာကမ်းလှမ်းတာတဲ့လေ၊ အဲ့အသံကြောင့် တစ်တိုက်လုံး သိသွားတာပဲ"

ထိုစကားများကို ကြားပြီးနောက် အပြင်သို့ ပြေးထွက်ရန် ပြင်နေသော မဒမ်ယန်ကို အန်တီချိုင် တားလိုက်၏။

"လာကြည့်တဲ့လူတွေလည်း ထွက်ပြေးကုန်ပြီ အခုသွားကြည့်လို့ ဘာထူးမှာလဲ။ အဲ့မိသားစုကို မြန်မြန်ပါးစပ်ပိတ်တာ ကောင်းမယ်နော်။ မဟုတ်လို့ စစ်စစ်နဲ့ စေ့စပ်ထားတဲ့ ကလေးသာ သိသွားရင် ဘယ်လိုလုပ်ကြမလဲ"

"ကျွန်မ ဘာလို့ မတားနိုင်ခဲ့ပါလိမ့်၊ အဲ့တုန်းက ကတိကဝတ်အရ ပစ္စည်းတွေ ပေးခဲ့ပေမဲ့ အခုတော့ နောင်တရနေရပြီ"

မဒမ်ယန်သည် မတတ်သာဟန်ဖြင့် ပြောလိုက်၏။ အစက သူမသည် ဤကိစ္စအား တိုးတိုးတိတ်တိတ်ဖြေရှင်းရနိုင်သည့် ကိစ္စဟု ထင်ခဲ့လေသည်။ ဤကဲ့သို့ မိသားစုမျိုးနှင့် တွေ့ရမည်ဟု မည်သူက ထင်ခဲ့မည်နည်း။

သူသည် ရှားပါးသော ကြင်နာသည့် နှလုံးသားပိုင်ရှင်ဟု ထင်ခဲ့သော်ငြား လက်တွေ့တွင် ဖယ်ခွာ၍ မရနိုင်‌အောင် လူကို ကယ်တွယ် သွေးစုပ်နေသည့် ကျွတ်တစ်ကောင်ပင်။

"ဪ၊ အဲ့မိန်းမတွေကို ကျွန်မနဲ့ အစ်မဂူက ငေါက်လွှတ်လိုက်ပြီ။ ဒါပေမဲ့ ထပ်ပေါ်လာဦးမဲ့ပုံတော့ပေါက်တယ်"

အန်တီချိုင်သည် အချိန်အတော်ကြာ သူမကို မည်သို့ ဖျောင်းဖျရမည်မှန်း မသိချေ။ လက်မထပ်ရသေးသော မိန်းကလေး တစ်ဦးမှာ ဤသို့ ကောင်လေးများနှင့် အရှုပ်အရှင်း ရှိပါက ကြည့်မကောင်းနိုင်ရာ။

မိမိသမီး ရေကန်ထဲ ပြုတ်ကျသွားသော ဖြစ်ရပ်အား လူတိုင်း သိနေလေပြီဟု မဒမ်ယန် တွေးမိလိုက်သဖြင့် စကားပြောချင်စိတ် မရှိတော့ချေ။ သူမသည် ကျေးဇူးတင်စကားသာ ပြောလိုက်၏။

"ကျေးဇူးပါ အစ်မချိုင်။ ကျွန်မ အရင်ပြန်လိုက်ပါဦးမယ်"

"ဟုတ်ပြီလေ။ အကူအညီလိုရင် ပြောသာပြောနော်"

စစ်စစ်သည် အန်တီချိုင်ကို စိတ်ရင်းမှန်နှင့် ကျေးဇူးတင်မိ၏။ သူမ အိမ်ပြန်ရောက်သည်နှင့် မိခင်ဖြစ်သူက ထပ်စိတ်ပူနေသည်ကို မြင်လိုက်ရပြန်သည်။

ယန်စစ်စစ်သည် ခုံပေါ်တွင်ထိုင်ရင်း သူမမိခင်ကိုကြည့်ကာ အကြံပေးလိုက်သည်။

"အမေ စက်ရုံမသွားတော့ဘူးလား။ မြန်မြန်သွားပါ။ သမီးကိစ္စတွေကို စိတ်ပူမနေနဲ့။ သမီး သဘောမပါဘဲ သမီးကို လက်ထပ်လို့ မရပါဘူး၊ သမီး သိက္ခာလေး နည်းနည်းကျသွားရုံပဲဟာ"

ယန်စစ်စစ်သည် မဒမ်ယန်အား ပြတ်သားသောမျက်လုံးများနှင့် ကြည့်ပြီး ဆက်ပြောလိုက်သည်။

"သူတို့ လုပ်ချင်သလိုလုပ်ရင် သမီးက သူတို့မိသားစုထဲ ဒုက္ခခံရလိမ့်မယ်၊ အဲ့အစား တစ်သက်လုံး အပျိုကြီး လုပ်တာကမှ ကောင်းသေးတယ်။ သူတို့မိသားစုနဲ့ သမီးက မတန်ပါဘူး"

"အမေ့ဘဝကို ရင်းရရင်တောင် သမီးကို အဲ့မိသားစုထဲမပို့ဘူး"

ထိုမိသားစု၏ မျက်နှာအစစ်ကို မြင်ပြီးနောက် မဒမ်ယန်သည်လည်း သမီးဖြစ်သူကို လက်ထပ်ပေးရန် စိတ်ကူး မရှိချေ။ ဤအချိန်တွင် သမီးဖြစ်သူ၏ အရေးကိစ္စများအား ကိုင်တွယ် ဖြေရှင်းရန် အခြားနည်းလမ်းများ စဥ်းစား မရခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူမသည် စက်ရုံသူဌေးကို တွေ့ရန်သာ ထွက်သွားတော့သည်။ မိခင်ဖြစ်သူ ထွက်သွားသောအခါ ယန်စစ်စစ်သည် အခန်းထဲသို့ ချက်ချင်းပြန်လိုက်သည်။

သူမသည် မနက်ခင်းက အိပ်ချင်မူးတူး ဖြစ်နေခဲ့သဖြင့် နေရာလွတ် နယ်မြေထဲရှိ ပြောင်းစေ့ကို စစ်ဆေးရန် မေ့သွားခဲ့လေသည်။ နေရာလွတ်နယ်မြေထဲသို့ သူမဝင်သည်နှင့် မနေ့က စိုက်ပျိုးထားသော ပြောင်းစေ့သည် မီတာ တစ်ဝက် နီးပါး ကြီးနေလေ၏။ ကြီးထွားနှုန်းမှာ မြန်လွန်းလှသည်။
နတ်စမ်းရေသည် အမှန်ပင် အပင် ကြီးထွားနှုန်းကို ရင့်သန်စေနိုင်စွမ်း ရှိလေသည်။ ထိုသို့ဆိုလျှင် ရောဂါကုသခြင်း၊ အဆိပ်ဖြေနိုင်ခြင်း အစွမ်းမှာလည်း အမှန်ပေလော။ ယန်စစ်စစ်သည် ဒဏ်ရာရထားသော သူမ ခေါင်းကို ထိကြည့်ပြီး အချိန်အတော်ကြာတွေးလိုက်၏။ ထို့နောက် ရေတွင်းအား ချည်းကပ်ပြီးနောက် သတိတကြီးဖြင့် နတ်စမ်းရေကို တစ်ငုံသောက်လိုက်သည်။ ခေတ္တမျှ စောင့်ဆိုင်းပြီး တုံ့ပြန်မှု မရှိသောအခါ သူမ လက်လျှော့လိုက်၏။

သူမသည် ပြောင်းပင် အပေါက်များ နံဘေးသို့လျှောက်သွားပြီး စိမ်းစိုနေသော ၎င်း၏ အရွက်များကို ကိုင်ကြည့်လိုက်သည်။ ဤကြီးထွားနှုန်းနှင့်ဆိုလျှင် ပြောင်းဖူး အိအိထွေးထွေးများကို စားရရန် သိပ်မကြာတော့ချေ။ ၎င်းတို့အား ရောင်းစားပါက ဝင်ငွေ အနည်းငယ်ပင် ရနိုင်ဦးမည်။

ယန်စစ်စစ်သည် သူမ စိတ်စွမ်းအားဖြင့် ပြောင်းပင်များအား ရေလောင်းပြီးနောက် သစ်ပင်အိုကြီးအောက်တွင်၍ လက်ကို မြှောက်လိုက်သောအခါ ...

"အပင်တွေ လိုအပ်တယ်"

ဟူသော စကားလုံးက ခေါင်းထဲရောက်လာပြန်၏။

မနေ့ကနှင့် ကွာခြားချက် မရှိချေ။ ဧကန္တ သူမ စိုက်ထားသော အပင်မှာ နည်းနေခြင်းလော။ ထိုသို့ဆိုလျှင် သူမသည် မျိုးစေ့ ရောင်းသော ဆိုင်သို့ သွား၍ မျိုးစေ့များ ထပ်မံ ဝယ်ယူကာ စမ်းကြည့်နိုင်ပေသည်။

ယန်စစ်စစ်သည် နေရာလွတ် နယ်မြေထဲမှ ထွက်ပြီး ခဏမျှ နားလိုက်၏။ ထို့နောက် မျိုးစေ့ဆိုင်သို့ သွားကာ မျိုးစေ့အချို့ ဝယ်ယူလိုက်သည်။ ယခင်က သူမ ရေကန်ထဲ ပြုတ်ကျခဲ့သော ချွီဟူပန်းခြံနား ဖြတ်သွားသောအခါ သူမသည် အထဲသို့ ဝင်ပြီး ကြည့်မိတော့၏။

တနင်္လာနေ့တွင် ပန်းခြံထဲ၌ လူနည်းသည်။ အများစုမှာ အလုပ်သွားနေကြပြီး အချို့သော အဘိုးအဘွားများကသာ သစ်ပင်များအောက်တွင် စစ်တုရင်ကစားပြီး စကားစမြည် ပြောနေကြ၏။

ယန်စစ်စစ်သည် ခြေလှမ်း အနည်းငယ်ခန့် လှမ်းပြီးသောအခါ အန်တီ တစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"ကောင်မလေး၊ နင် အကောင်းကြီး ဖြစ်နေပြီပဲ"


၁၉၇၀ခုနှစ်ကသမီးချောလေးWhere stories live. Discover now