အပျိုစင်လေးကိုအပိုင်သိမ်းမယ်-(Part-4)🚨🚨
မောရတိမ်စိုင် စာကို ကောက်ယူပြီး ဝတုတ်ညွှန်ပြတဲ့ဆိုင်လေးဆီသို့ လိုက်လာခဲ့သည်။ ဝတုတ်ကို စာပေးခိုင်းတဲ့ကောင်မလေးကို ပြခိုင်းဖို့ အတူခေါ်လာခဲ့သည်။ ဆိုင်ကိုရောက်တော့..
'' ဝတုတ် မင်းကိုစာပေးခိုင်းတဲ့သူက ဘယ်သူလဲ''
''ဪ ဟိုမှာ ဟိုမမလှလှလေး ဆံပင်က အရှည်လေးနဲ့''
လှိုင်းသွယ်လေးလို ကောက်ထားတဲ့ ဆံနွယ်ပိုင်ရှင်..နောက်ကျောပေးထားတဲ့မိန်းကလေးက ကြည့်ရပုံ မြတ်နိုးသွယ်နဲ့မတူပါဘူး ဘယ်မိန်းကလေးများလဲ ..။ ဒါပေမဲ့ဘယ်သူပဲဖြစ်ဖြစ် နောက်တစ်ခေါက် ဒီစာ ထပ်မပေးဖို့ ထပ်အာရုံလာမနှောက်ဖို့ သတိပေးရမည်။
''မင်း ဟေ့ကောင် သေချာရဲ့လားကွ ဝတုတ်ရ''
''သေချာပါတယ် အဲဒီမမက သားကိုပေးခိုင်းလိုက်တာပါဆို ''
ဝတုတ်က သေချာကြောင်းပြောတော့ မောရ ခြေလှမ်းအကျယ်ကြီးနဲ့ စာကိုကောက်ကိုင်၍ စာပေးခိုင်းထားတဲ့မိန်းကလေးဆီကို သွားလိုက်သည် ။ ကျောခိုင်းထားတဲ့မိန်းကလေးရဲ့ ပခုံးလေးကို လှမ်းပုတ်ပြီး..
''အဟမ်း ဒီမှာ ခင်ဗျားကို ကျုပ့်ပြန်မကြိုက်နိုင်ဘူး၊ ဒီတော့ ဒီစာကိုခင်ဗျားပဲ ပြန်ယူလိုက်တော့ ကျုပ်ကိုစာတွေဘာတွေပေးမနေနဲ့ ၊ တခါတည်း သိအောင် ပြောလိုက်မယ် ကျုပ် ဘယ်တော့မှ ခင်ဗျားကို ပြန်ကြိုက်လာမှာမဟုတ်ဘူး၊ ကြောင်တောင်တောင်လာမလုပ်နဲ့နော် ရပ်ကွက်လူဆိုးဆိုတာ ဘယ်လိုပုံစံလဲဆိုတာ ပြပေးလိုက်လို့ ဘုရားတသွားရမယ်၊ မိန်းကလေးတန်မဲ့ဗျာ ခင်ဗျားမို့လို့ ယောက်ျားတစ်ယောက်ကို စာပေးရဲတယ်၊ ကျုပ် ခင်ဗျားကို စိတ်မဝင်စားဘူး ရှင်းလား ဒီထက်ပိုပြီးပြောရရင် ခင်ဗျားကို ကျုပ် လုံးဝမချစ်ဘူး''
ကျောခိုင်းထားတဲ့မိန်းကလေးကို မောရတိမ်စိုင် စကားလုံးအရှည်ကြီးနဲ့ပြောလိုက်သည်။ ဒီလိုပြောလို့ မကျေမနပ်ဖြစ်သွားလည်း ဂရုမစိုက်ဘူး။ နောက်ထပ်မပေးရင်တော်ပြီ ..
ကျောခိုင်းထားတဲ့ မိန်းကလေးက ဘယ်သူဘယ်ဝါမှန်းမသိပေမဲ့ ဝတုတ် ပြတဲ့ စာပေးခိုင်းလိုက်တဲ့မိန်းကလေးကဒီမိန်းကလေးပဲမို့ မောရ ပြန်မကြိုက်နိုင်တဲ့အကြောင်း ရှင်းရှင်းလင်းလင်းပြောလိုက်သည်။ ဒါပေမဲ့ ဆိုင်ထဲမှာ လူတွေအများကြီးနဲ့မို့ သူတို့ကို အားလုံးက အကြောင်သား ငေးကြည့်နေကြသည်။ ဒါပေမဲ့ မောရ ဒါတွေစိတ်မဝင်စားအား။ အရေးအကြီးဆုံးက ဒီကောင်မလေး နားဝင်ဖို့ပဲ..။