အပျိုစင်လေးကိုအပိုင်သိမ်းမယ်-(Part-6)🚨🚨
'' ကြီးမြချယ် ဒီမှာတွေ့လား ကြီးမြချယ်ရဲ့အလိမ္မာအိမ်ပါချွေးမလေး တော်လည်းတော်တယ် ထက်လည်းထက်မြက်တယ် ဘယ်လိုလဲ ကျုပ်မိန်းမရှာတာ တော်တယ်မလား''
ကြီးမြချယ်ဘက်ကို မျက်နှာလှည့်ပြီး မောရပြောလာသည်။ အားလုံးကတော့ မောရတိမ်စိုင်နဲ့ ယုကိုဒါလီတို့ကို ရင်မောစွာ ကြည့်နေကြသည်။ ယုကိုဒါလီကို သနားသလို ကြည့်ကြပြီး မောရကိုတော့ မတူမတန်တာလေးကို ရအောင် ယူလိုက်တဲ့ သူ့ကိုတော့ စိတ်ပျက်သလို ဝိုင်းကြည့်နေကြသည်။ ဒါကို မောရ သိပေမယ့် စိတ်မဝင်စားဘဲ သူပြောချင်တဲ့အကြောင်းအရာကိုပဲ အဓိကထား ပြောနေခဲ့သည်။
''မောရတိမ်စိုင် ငါမင်းကို ဘယ်လိုဆုံးမမှုတွေနဲ့ကြီးပြင်းစေခဲ့သလဲ ငါကိုယ်ငါတောင် မသိလောက်အောင်ပါပဲ၊ ဒီဘက်က မိန်းကလေးရှင်ဘက်ကို အားနာလို့ ဘယ်လိုစကားလုံးတွေနဲ့ တောင်းပန်ရမလဲ မသိတော့လောက်အောင်ပါပဲ''
ကြီးမြချယ်က တစ်ဖက်မိန်းကလေးဘက်ကို ကြည့်ပြီး စိတ်မကောင်းသလို ပြောလာသည်။
''ကြီးမြချယ်ကလည်းဗျာ ဒီလိုမပြောပါနဲ့ တောင်းပန်ရမယ့် အကြောင်းတွေ ဘာတစ်ခုမှမပါပါဘူး၊ အားလုံးက ပေါင်းဖက်ရမယ့် ရေစက်ပါလို့ တွေ့ကြရတာပါ၊ ယူကိုဒါလီနဲ့ ကျွန်တော်နဲ့ တရားဝင်လင်မယားတွေ ဖြစ်သွားပြီဆိုတဲ့အကြောင်း အားလုံးကို လှမ်းအသိပေးတာပါ''
..
'' မြေးလေး ဘွားဘွားမြေးလေးရယ်..''
အရေတွန့်နေသော လက်ဖဝါးလေးတွေက သူမရဲ့ခေါင်းလေးကို ပွတ်သပ်ပေးလာတော့ ယုကို ဘာကို ဝမ်းနည်းမှန်းမသိ စိတ်ထဲက လှိုက်တက်လာကာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပြန်သည်။
''ယုကိုဒါလီ နင်ကရော တကယ်ပဲ အဲဒီလူကို ယူမလို့ဆုံးဖြတ်လိုက်ပြီလား''
ယုကိုဒါလီ သွန်းဟန်သာ တေးရတုတို့ဆိုတာက ခေတ်ပညာတတ်မိန်းကလေးတွေ ဖြစ်တဲ့အလျောက် ခေတ်ရဲ့ရေစီးကြောင်းကို နားလည်သဘောပေါက်ကြသည်။ ဒီလိုတစ်ညတာလေး ကျူးလွန်မိတာနဲ့ တစ်ဘဝလုံး ခြေချုပ်ရမယ့်အဖြစ်ကို ဦးနှောက်ရှိတဲ့ ဘယ်မိန်းကလေးမှ မစဉ်းစားကြဘူး။