လက်ကျန်လရောင် - အပိုင်း (၅)
ပုညခင်
🌸🌸🌸🌸🌸
#တန်ခူးလ
#ကံ့ကော်ပန်း🌸🌸🌸
နွေသည် နက်ရှိုင်း၍လာလေသည်။ အနက်ရှိုင်းဆုံးနွေကို ဖြတ်ကျော်ပြီးလျှင်တော့ မိုးရိပ် မိုးဆင်တို့ မြင်ရတော့မည်။ ထိုအချိန် ရောက်လျှင် မြကျေးက မနက်မိုးလင်းတိုင်း အိမ်ခြံစည်းရိုးရှိ ပဒုမ္မာနေကြာ ပင်တွေနားသို့ သွားကာ နေကြာဖူးကလေးတွေ ဖူးပြီလားဟု ကြည့်ရတာ အမောပင်။ မြကျေးတို့ ခြံပတ်ပတ်လည်မှာ စည်းရိုးသဖွယ် ကာဆီးထားသည့် ပဒုမ္မာနေကြာပင်တွေ ရှိသည်။ အပင်က ရိုးတံလိုစိမ်းကာ ဆူးကလေးတွေရှိသည့် ထိုအပင်က မြကျေး၏ ရင်ညွန့်လောက်အထိ မြင့်သည်။ အဖေပြောတာတော့ ဒီအပင်တွေက သဲကန္တာရတွေထဲမှာ ပေါက်တတ်သည့် အပင်တွေနှင့်တူသည်ဟုဆိုသည်။ သဲကန္တာရထဲက အပင်က အဖူးဖူးပြီး အပွင့်ပွင့်ရဲ့လားတော့ မသိ၊ မြကျေးတို့ စည်းရိုးက ပဒုမ္မာ နေကြာပင်တွေကတော့ မိုးရိပ် မိုးဆင်နီးလျှင် အဖူးကလေးတွေ ပျို့၍လာ တတ်လေသည်။ အဖူးလေးတွေ စိပ်စိပ်ဖူးလျှင် ထိုနှစ်က မိုးများမည့်နှစ်၊ အဖူးကျဲကျဲဖူးလျှင် မိုးနည်းမည့်နှစ် ဖြစ်သည်။ အဖူးဖူးပြီး မကြာခင် မိုး ရွာတတ်သဖြင့် မြကျေးက မိုးလေဝသဗေဒင်ဟောမည့် ပဒုမ္မာနေကြာပင်တွေကို ပြေးပြေးကြည့်ရတာပင်။ ပဒုမ္မာနေကြာဖူးလေးတွေက မိုးလေဝသဗေဒင် ဟောတတ်ရုံသာမက ချက်စားလို့လည်း ရသေးသည်လေ။ နေကြာဖူး ကလေးတွေကို ချဉ်ပေါင်ရွက်နှင့် ငရုတ်သီးစပ်စပ် ချက်လိုကချက်၊ ငရုတ်သီးခွဲခြမ်းနှင့် လှိမ့်ကာ အခြောက်ကြော်လိုကကြော်။ စားလို့ကောင်းမှကောင်း မဟုတ်လား ..။
မြကျေးက ပဒုမ္မာနေကြာပင်တွေ အဖူး ဖူးမဖူး စေ့ငုသေချာ လိုက်ကြည့်နေသည့် တစ်နေ့မှာ မမငွေက မြကျေးအနားသို့ ရောက်လာ သည်။
“မြကျေး ဘာလုပ်"
“နေကြာဖူး ဖူးပြီလားလို့ လိုက်ကြည့်နေတာ မမငွေရော၊ ဒီရက်တွေ အရမ်းပူတော့ မိုးမြန်မြန်ရွာစေချင်လှပြီ၊ နေကြာဖူးဖူးပြီး မကြာခင် မိုးရွာတတ်တာ မဟုတ်လား..."