လက်ကျန်လရောင် အပိုင်း (၁၃)
#ပုညခင်
🌸🌸🌸🌸🌸
မြစ်ဆိပ်မှာ ရပ်တန့်ကြိုစောင့်နေသော ယဉ့်ကိုတွေ့တော့ မြကျေး အံ့သြသွားခဲ့ရပါသည်။ ရန်ပြေကတော့ မျက်နှာပျက်စပြုသည်။ မြကျေးက အရင် လှေပေါ်မှဆင်းကာ ယဉ့်ဆီသို့ သွက်သွက်လေး လျှောက်သွားလိုက်ပါသည်။
“ယဉ် မမတို့ကို လာကြိုတာလား”
“နှစ်ယောက်သား ဘယ်လောက်တောင် ပျော်လာသလဲလို့ လာ ကြည့်တာပါ မမရယ်.."
ခနိုးခနဲ့လိုလို ယဉ့်စကားကြောင့် မြကျေးက စိတ်မကောင်း ဖြစ်သွားမိပါသည်။
“ရန်ပြေရွာကို ခဏအလည်လိုက်သွားတာလေ၊ ဒေါ်စိန့်ကိုတောင် မှာခဲ့သေးတယ်၊ ယဉ် ဒီနေ့ ရန်ကုန်က ပြန်ရောက်မယ်ဆိုတာလည်း မသိလို့၊ ယဉ်ရှိရင်လည်း တောကိုတော့ မလိုက်ချင်လောက်ဘူး ထင်လို့ မမတို့ဘာသာ သွားလိုက်တာ .."
“သိပါဘူး၊ ယဉ်မရှိတဲ့အချိန်ကို ရွေးပြီး သွားကြသလားလို့ပါ၊ ဟဲ့ ... ရန်ပြေ နင်ကလည်း အိမ်ကအလုပ်ကို သေချာမလုပ်ဘူး၊ အားအားရှိ လျှောက်လည်ချင်နေတော့တာပဲ၊ ခိုင်းစရာရှိလို့တဲ့ အမေ နင့်ကို မျှော်နေတယ်၊ မြန်မြန်သွားလိုက်ဦး”
ယဉ်က ရန်ပြေ့ကို ခပ်ဆတ်ဆတ် လှမ်းပြောတော့ ရန်ပြေက ခွန်းတုံ့ပြန်မပြောဘဲ စက်ဘီးရပ်ထားခဲ့သည့်ဘက်သို့ ပြေးတက်သွားနှင့်သည်။ ရန်ပြေ့မျက်နှာ နီမြန်းသွားတာကို မြင်လိုက်သဖြင့် မြကျေး စိတ်မကောင်းဖြစ်ရသည်။ ယဉ်က မသွားသေးဘဲ လက်ပိုက်လျက် မြကျေးရှေ့မှာ ပိတ်ရပ်ရင်း မြကျေးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပါသည်။
“မမတို့ကတော့နော်… ကိုယ့်ထက်ငယ်တဲ့ မောင်ကလေးနဲ့ တတွဲ တွဲ နေနေရတော့ ရှိရင်းစွဲအသက်ထက်ကို နုပျိုနေတော့တာပဲ..."
"ယဉ် ဘယ်လို ပြောလိုက်တာလဲ"
ကြားလိုက်ရသော စကားက မြကျေးတစ်ကိုယ်လုံးကို ထူပူရှိန်းနွေးသွားစေသည်။ မြကျေး၏ ပါးနှစ်ဖက်လုံး တရှိန်ရှိန် နွေးလာ ပါသည်။ ယဉ်က ခနဲ့ပြုံးကလေးတစ်ချက် ပြုံးလိုက်ရင်း ...