လက်ကျန်လရောင် - အပိုင်း (၂၀)
#ပုညခင်
🌸🌸🌸🌸🌸
ပုံဆွဲရင်း မီးပြတ်သွားသည့် တစ်ညတွင် ရန်ပြေက ပြတင်းပေါက်နားတွင် သွားထိုင်ရင်း အပြင်ဘက်သို့ ငေးနေခဲ့မိသည်။ လပြည့်ရန် နှစ်ရက်အလို ဖြစ်၍ လရောင်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို ခြုံလွှမ်း
ထားခဲ့သည်။ထိုအချိန်၌ပင် ကိုမင်းက သူ့ ဂစ်တာအဖြူလေးကို ကိုင်ကာ အပေါ်ထပ်မှ ဆင်းလာခဲ့ပြီး သူ့အနားသို့ရောက်လာခဲ့သည်။
“ကိုရန်ပြေ… ငေးမနေနဲ့ ... တွေးမနေနဲ့၊ လာ .. သွားကြရအောင်”
“ဟင် ... ဘယ်ကိုလဲ”
“အိုးထိန်းကုန်းကို သွားမယ်လေ၊ ဂစ်တာသွားတီးရအောင်”
“ညကြီးအချိန်မတော်ဗျာ ….”
“ခင်ဗျားပဲ ညကြီးအချိန်မတော်ပြောနေ... ဟိုမှာ မိန်းကလေးတွေတောင် ရယ်ဒီဖြစ်နေပြီ”
သူ နှင်းဥတို့ဘက်ကို လှည့်ကြည့်မိသည်။ နှင်းဥ၊ မစိမ့်နှင့် ထက်ထက်တို့က မီးရောင်မှိန်မှိန်ကလေးအောက်မှာ လက်မကလေးတွေ ထောင်ပြနေကြသည်။
“ဆိုင်ကယ်ရော ရှိလို့လား...”
“ရှိပါ့ .. သုံးစီးတောင်”
အားလုံးက တက်ညီလက်ညီ ဖြစ်နေကြတာမို့ သူလည်း လိုက်ဖို့ပြင်ရသည်။ သူ နာရီတစ်ချက်ကြည့်မိတော့ ည ၁ဝ နာရီထိုးတော့မည်။
“ဒီအချိန်ကြီးဗျာ ... ”
“ဒီအချိန်ကြီးက ပိုမိုက်တာဗျ”
ကိုမင်းနှင့် နှင်းဥက ဆိုင်ကယ်တစ်စီး၊ မထက်နှင့် မစိမ့်က တစ်စီး၊ သူက တစ်စီး ထွက်လာခဲ့ကြသည်။ ပုဂံညသည် လရောင်အောက်တွင် ရိပ်ရိပ်ပျပျ လှ၍နေလေသည်။
ရှေ့မှသွားနှင့်သော ကိုမင်း၏ဆိုင်ကယ်က မြို့ဟောင်းလမ်း အတိုင်း သွားနေရာမှ အာနန္ဒာဘုရားဘက်မှ ချိုးကွေ့၍ဝင်ရမည့်အစား ရှေ့ဆက်မောင်းသွားသဖြင့် ကိုမင်း ဘယ်သွားမလို့ပါလိမ့်ဟုတွေးရင်း သူ့ဆိုင်ကယ်ကို အရှိန်မြှင့်၍ မောင်းလိုက်ချိန်မှာပင် ကိုမင်းက သူ့ ဆိုင်ကယ်ကို တစ်နေရာမှာ ရပ်တန့်လိုက်၏။ ထိုနေရာမှာကား ရှေးဟောင်းရုံးရှေ့ ဖြစ်လေသည်။