လက်ကျန်လရောင် - အပိုင်း (၁၆)
#ပုညခင်
🌸🌸🌸🌸🌸
တမာပင်များ ခြံရံထားသည့် အဆုံးတွင် ခမ်းနားတင့်တယ်သည့် မုခ်ဦးတစ်ခု.. ။ မုခ်ဦး၏အတွင်းပိုင်းမှာတော့ တစ်ချိန်က စာသင်သား သံဃာများစွာတို့ ပညာဆည်းပူး သီတင်းသုံးခဲ့ဖူးရာ ဆင်ဖြူရှင်ကျောင်းတိုက်ဝင်းကြီး ရှိလေသည်။ ဆင်ဖြူ ရှင်ဘုရားနှင့်တကွ ကျောင်း၊ ဇရပ်၊ ရေကန်၊ သိမ်၊ အုတ်ကျောင်းကြီး အုတ်ကျောင်းငယ်များဖြင့် ပုဂံခေတ်က အတင့်အတယ်ရှိခဲ့သော အလွန်ကျယ်ဝန်းခမ်းနားခဲ့သည့် ဗုဒ္ဓတက္ကသိုလ်ဝင်းကြီးသည် ခုတော့ ရေခန်းခြောက်နေသည့် အုတ်စီရေကန်၊ ဇရပ်နှင့် အုတ်ကျောင်း အပြိုအပျက်များနှင့် အတူ တိတ်ဆိတ်သွေ့ခြောက်လျက် ရှိသည်။ မုခ်ဦးအဝင်ဝ အနီးမှာတော့ ဆင်ဖြူရှင် ဘုရားတစ်ဆူသာ ငွားငွားစွင့်စွင့် ကျန်ရစ်လေသည်။
ဤဆင်ဖြူရှင်ကျောင်းတိုက်အနီး လမ်းကလေးမှ ဆက်သွားလျှင် မင်းနန်သူရွာသို့ ရောက်ပေမည်။ ရန်ပြေသည် ကျောင်းတိုက်ရှေ့ လမ်းကလေးကို မျှော်ငေးရင်း ဤလမ်းပေါ်မှ ဖြတ်သန်းလျက် အာနန္ဒာ ဘုရားပွဲသို့ သွားနေသည့် ပေါင်းမိုးတပ် လှည်းတန်းရှည်ကြီးကို ပြန်လည် မြင်ယောင်မိရလေသည်။ ထိုလှည်းတန်းရှည်ကြီးထဲမှ တစ်ခုသော လှည်းပေါ်တွင် ပျိုမျစ်နုနယ်သည့် မိန်းမငယ်လေးတစ်ယောက်သည် ပေါ့ပါးသော စိတ်နှလုံးဖြင့် ဘုရားပွဲသို့လိုက်ပါသွားခဲ့ပါလိမ့်မည်။ ဘုရားပွဲက အပြန်မှာတော့ သူ စောင့်ရှောက်ရမည့် ကလေးတစ်ယောက် အဆစ်ပါလာခဲ့ လေသည်။ ဤနေရာက ဖြတ်သွားတာကိုတော့ သူ ကောင်းကောင်းမှတ်မိ နေခဲ့သည်။ မမနှင့်အတူ လှည်းနောက်ပိုင်းမှာ ခြေတွဲလောင်းချ၍ ထိုင်လိုက်လာရင်း သူ့ အတွက် ကျန်စစ်သားသဖွယ်ဖြစ်သော မမကို အားကိုး တကြီး မော့တကြည့်ကြည့်ဖြင့် သူ ပျော်ရွှင်စွာလိုက်ပါသွားခဲ့တာ မဟုတ်လား။
“မိန်းကလေးတွေ နေမပူခင် အပြင်ဘက်မှာ ပြီးအောင်တိုင်းကြနော်၊ တို့ယောက်ျားလေးတွေက အထဲမှာဆိုတော့ အေးဆေး"
ကိုမင်း၏အသံကို ကြားရသည်။ ဆင်ဖြူရှင်ဘုရားအတွင်းပိုင်းမှာတော့ တိုတယ်စတေရှင် စက်များနှင့် သူတို့ယောက်ျားလေးတွေ အားလုံး အလုပ်ရှုပ်နေကြသည်။ သူတို့အားလုံးက ရောင်ပြန်ပြားတွေပါ သည့် လိမ္မော်ရောင် Safety ယူနီဖောင်းဝတ်ကာ ဟဲလ်မက်တွေ ဆောင်းထား ကြရသည်။ အပြင်ဘက်မှာ နေပူပြင်းလှသော်လည်း ဘုရားအတွင်းမှာတော့ အေးမြနေ၍ တော်သေးသည်။