လက်ကျန်လရောင် - အပိုင်း (၁၅)
#ပုညခင်
🌸🌸🌸🌸🌸
မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်
ဝါခေါင်လဆုတ် ၆ ရက်
ညနေ ၅ နာရီ ၄ မိနစ် ၅၅ စက္ကန့်🌸🌸🌸
ထိုနေ့ ထိုအချိန်မတိုင်မီက ပုဂံမြေသည် ရှေးနှစ်ပေါင်း ထောင်ချီနီးပါး ကာလဆီက ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုး စေတီများကို တည်ငြိမ်စွာ သယ်ပိုးလျက် ကမ္ဘာအရပ်ရပ်က ခရီးသွားများကို ညှို့ခေါ်မြဲ ညှို့ခေါ်လျက်ရှိခဲ့လေသည်။
မြကျေးသည် ထိုနေ့က Ph.D အတွက် စာတမ်းပြုစုမည့် မိန်းကလေးဧည့်သည်တစ်ယောက်ကို ဘုရားတွေသို့ လိုက်ပို့ရင်း ညနေ လေးနာရီလောက်မှာ စူဠာမဏိဘုရားသို့ ရောက်လာခဲ့သည်။ ဘုရားထဲကို လှည့်ပတ်ပြပြီး မြကျေးတို့ ပြန်ထွက်လာတော့ ညနေ ငါးနာရီပင် ထိုးတော့မည်။ ဧည့်သည် မိန်းကလေးက ချည်ထည်အင်္ကျီလေးတွေ ရောင်း သည့်ဆိုင်မှာ ဈေးဝင်ဝယ်နေသဖြင့် မြကျေးက ဆိုင်ရှေ့မှာရပ်စောင့်ရင်း ဘုရားဘက်သို့ မျှော်ငေးနေလိုက်မိသည်။ ညနေပိုင်းဖြစ်သော်လည်း Sunset ကြည့်နိုင်သော ဘုရားမဟုတ်သဖြင့် ဘုရားပရဝဏ်မှာ လူများများ စားစား ရှိမနေချေ။ စူဠာမဏိကိုတော့ ဧည့်သည်ပို့ရင်း မြကျေး မကြာခဏ ရောက်ဖြစ်နေခဲ့သည်။ တစ်ခါတလေမှာတော့ ညောင်ပင်တွေသတ်ဖို့ ဘုရားပေါ်ထိ တက်ခွင့်ရသည်။
ဤဘုရားပေါ်သို့ ရောက်သည့်အခါ၌ဖြစ်စေ ဤဘုရားကို အဝေးမှ မျှော်ငေးမိသည့်အခါ၌ဖြစ်စေ မြကျေး၏အတွေးသည် ဆူးပုပ်ဟူသော ကလေးတစ်ယောက်နှင့် ယှဉ်တွဲ၍နေတတ်လေသည်။
မြကျေး မျှော်ငေးတွေးတောဆဲ၌ပင် ရုတ်တရက် မိုက်ခနဲ ဖြစ်သွားကာ ခန္ဓာကိုယ်က ယိုင်သွား၏။ ခေါင်းမူးသွားတာလား။ ဟန်ချက်ပျက်သွားတာလား… ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်သွားမှန်း မသိလိုက်ချိန်တွင် အနီးအနားဆိုင်တွေဘက်က အထိတ်တလန့် အော်သံတွေကို ကြားရလေသည်။
“ဟဲ့ .. ဟဲ့ .. လှုပ်တယ်… လှုပ်တယ်၊ ဘာဖြစ်တာလဲ”
မြကျေးက ဧည့်သည် ဈေးဝယ်နေသည့် ဆိုင်ဘက်သို့ လှည့်ကြည့်လိုက်လျှင် ဆိုင်ရှေ့၌ ချိတ်ဆွဲထားသော အင်္ကျီတို့သည် လေမတိုက်ပါဘဲနှင့် လှုပ်ယမ်းနေတာကို တွေ့လိုက်ရလေသည်။