၂၁ရာစုနှောင်းပိုင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးတွင် လူသားများနှင့် Hybrid များ ရောနှောနေထိုင်ခြင်းစနစ်က စတင်၍ ပေါ်ထွက်လာခဲ့သည် ... ။
ကနဦးက Hybrid များကို စမ်းသပ်ခံများအဖြစ် သဘောထားခဲ့ကြသော်လည်း Hybrid ချစ်သူများက ထိုစနစ်ဆိုးအား ဆယ်စုနှစ်တစ်ခုကျော်မျှ ဝိုင်းဝန်းကာ တိုက်ဖျက်ခဲ့ကြပြီးနောက် ၂၂ရာစုအစပိုင်းမှာတော့ Hybrid များသည်လည်း နိုင်ငံသားများအဖြစ် သတ်မှတ်ပေးခြင်းခံလာရပြီဖြစ်ပါသည် ။
နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေးတို့တွင် Hybrid များကို လူသားများနှင့်တန်းတူနေထိုင်နိုင်စေရန် အခွင့်အရေးများ ပေးထားခဲ့ကြလေရာ ထိုအချိန်မှစတင်၍ ကမ္ဘာတစ်ဝှမ်းလုံးတွင် လူသားဦးရေနှင့် Hybrid ဦးရေက အချိုးကျလာခဲ့လေသည် ... ။
_______ɪ ᴍᴇ ᴍʏ ᴍᴇᴏᴡ_______
၂၂၀၀ပြည့်နှစ် ၊ မေလ၂၀ ။
𝘡𝘢𝘬𝘰𝘱𝘢𝘯𝘦 , 𝘗𝘰𝘭𝘢𝘯𝘥
သည်နေ့က ချွမ်ရွေ့၏ ဆယ့်ငါးနှစ်ပြည့်မွေးနေ့ ... ။ ထို့ကြောင့် ပါပါးက ချွမ်ရွေ့၏ မွေးနေ့ပွဲကို တောင်ပေါ်က အပန်းဖြေစံအိမ်ကြီးတွင် ခမ်းခမ်းနားနား ကျင်းပပေးခဲ့ပါသည် ။
သည်မြို့မှ အထင်ကရဖြစ်သောလုပ်ငန်းရှင်ကြီး၏ တစ်ဦးတည်းသောသားဖြစ်သည့် ချွမ်ရွေ့၏မွေးနေ့သည် အတော်လေးကို စည်ကားပါသည် ... ။ မွေးနေ့ရှင်အတွက် ဆုတောင်းစာများနှင့် အပြိုင်အဆိုင်ပေးအပ်လာကြသော မွေးနေ့လက်ဆောင်များက စံအိမ်ကြီး၏ မျက်နှာစာပတ်ပတ်လည်ပရဝဏ်တွင် ပြည့်နှက်နေလေသည် ။
နေ့ခင်းဘက်မှာ ပြုလုပ်သည့်ပွဲဖြစ်တာကြောင့် မွေးနေ့ရှင်နှင့် ရွယ်တူကလေးများလည်း ပါဝင်ပြီး ဖခင်ဖြစ်သူ၏ လုပ်ငန်းပါတနာများစွာလည်း တက်ရောက်ကြပါသည် ... ။
ခြံဝင်းကြီး၏အလယ်မှာရှိသော ရေကူးကန်၏နံဘေးတွင် Warsawမှ နာမည်အကြီးဆုံးသော ကိတ်မုန့်တိုက်၏လက်ရာဖြစ်သည့် ဆယ့်ငါးထပ်ရှိသော မွေးနေ့ကိတ်ကြီးကို ပြင်ဆင်ထားပါသည် ...။ မွေးနေ့ရှင်၏အသက်နှင့် တူညီသောအလွှာများ ပါဝင်သည့် အဖြူရောင်နှင့် ရွှေရောင်ရောစပ်ထားသော ကိတ်မုန့်ကြီးသည် သည်နယ်တစ်ဝိုက်တွင် အခုမှတွေ့ဖူးကြသည့် အပြင်အဆင်နှင့် လှပလွန်းသောကြောင့် ပွဲလာဧည့်ပရိတ်သတ်များသည်ပင် ဝိုးခနဲဝါးခနဲဖြစ်နေကြပါသည် .. ။