သည်နေ့ကစပြီး ချွမ်ရွေ့ကျောင်းတက်ရတော့မည် ... ။
အထက်တန်း စတက်ရမည့်ရက်ဖြစ်တာကြောင့် ပါပါးရော ၊ မားမားရောက သူ့ကို တောင်ခြေက ကျောင်းအထိ လိုက်ပို့မည်ဖြစ်သည် ။
တစ်အိမ်လုံးကသူများမှာ ချွမ်ရွေ့အထက်တန်းရောက်သွားပြီဖြစ်တာကြောင့် ပျော်နေကြသော်လည်း ကာယကံရှင်ဖြစ်သည့် သူကတော့ ကျောင်းသွားရမှာကို သိပ်စိတ်မပါနေပါ .. ။
တစ်နေကုန်ကျောင်းတက်ရမည့်အရေးထက် အရင်လို ကိုကိုနှင့် အမြဲမတွေ့နိုင်တော့ဘဲ ကျောင်းက ပြန်လာမှတွေ့ရတော့မှာကိုတွေးကာ ဝမ်းနည်းနေရပါသည် ။
အခုလောက်ဆို ကိုကိုကတော့ သူ့အိမ်မှာ ချွမ်ရွေ့နေ့တိုင်းလာပြီး မရှုပ်နိုင်တော့လို့ ပျော်နေလောက်ပြီထင်ပါရဲ့ ... ။
မနေ့ကတောင် ချွမ်ရွေ့က သူ့ရဲ့ ပထမဆုံးကျောင်းတက်ရတဲ့ရက်လေးကို ကိုကိုရောလိုက်ပို့ပေးပါလားလို့ စပြီးပြောလိုက်တာကိုတောင် မျက်နှာတည်တည်ကြီးနဲ့ လိုက်မပို့ချင်ဘူး လို့ ငြင်းခဲ့တာလေ ။
တော်တော်စိတ်မာတဲ့ကိုကို ... !!
အဲ့တာကြောင့် ချွမ်ရွေ့ကလည်း ကိုကို့ကို စိတ်ကောက်ပြီး အရင်လို နှုတ်တောင်မဆက်တော့ဘဲ အိမ်ပြန်လာခဲ့ပစ်လိုက်သည် ... ။
ဒါပေမဲ့ ကိုကိုကတော့ ကိုကိုပါပဲ ။ ချွမ်ရွေ့စိတ်ကောက်သွားမှန်းသိတာတောင်မှပဲ တစ်ခါလေးတောင် ချော့မလာပါဘူး ... ။
ဒီကောင်လေး ငါ့အိမ်ကနေ မြန်မြန်ပြန်သွားတာ နားအေးတယ်လို့တောင် ထင်နေမလား မသိဘူး ။
" သားသား သွားကြမယ် ... ။ "
" ဟွန် ! တကယ်ကြီးသွားရတော့မှာလား ။ "
" ကျောင်းတက်ရတာ ခဏလေးပါကွယ် ၊ ညနေကျရင် မားမားလာကြိုမှာပေါ့ အဖြူလုံးလေးရဲ့ ... "
ကျောင်းမသွားချင်သလို ဖြစ်နေသည့် သူ့အားကြည့်ကာ မားမားက ချစ်စနိုးဟန်နှင့် ပါးကိုလာညှစ်တော့ ချွမ်ရွေ့က နှုတ်ခမ်းစူပြလိုက်ပါသည် ။
ကျောင်းတက်ရတော့မှာဖြစ်သည့်အတွက် ကျောင်းစည်းကမ်းများကြောင့် အခုဆိုရင် ချွမ်ရွေ့ရဲ့ခေါင်းမှာ သူအကြိုက်ဆုံး စတော်ဘယ်ရီရောင်နီရဲရဲဆံပင်လေးများက အနက်ရောင်ဖြစ်သွားခဲ့ပြီ ။