သည်နေ့ ချွမ်ရွေ့အလုပ်များနေပါသည် ။
အမြီးလေး တယမ်းယမ်း ၊ သီချင်းလေး တအေးအေးနှင့် မားမားဖြစ်သူ စိုက်ပျိုးထားသည့် ပန်းခြံထဲတွင် အရှေ့လျှောက်လိုက် ၊ အနောက်လျှောက်လိုက်နှင့် ... ။
သူတို့စံအိမ်ကြီး၏ အနောက်ဘက် မြေကွက်လပ်တွင် မားမားစိုက်ပျိုးထားသည့် ပန်းပင်များရှိပြီး အမျိုးစုံသောပန်းပင်များကို ခြံနှင့် အသေအချာခတ်ထားကာ မားမားက နေ့နေ့ညညပဲ သူမ၏ပန်းပင်များကို ဂရုစိုက်လေသည် ။ သူမ စနစ်တကျနှင့် ပြုစုထားသည့် ပန်းများပွင့်လာလျှင်လည်း အလှထားတတ်ကာ ခူးယူလျှင်လည်း မကြိုက်ချေ ... ။
ထို့ကြောင့်ပဲ မားမားအကြောင်းကိုသိနေသော ချွမ်ရွေ့က ပန်းလှလှလေးများကို ပေါ်တင်မခူးရဲပါချေ ။ ထိုအစား ပန်းညှပ်သည့်ကတ်ကြေးတစ်လက်ကို နောက်ကျောမှာ ဖွက်ပြီးယူလာခဲ့ကာ ပန်းပင်များကြားမှာ အလုပ်ရှုပ်နေပုံရသည့် မားမား၏အလစ်ကို စိတ်ရှည်ရှည်နှင့် စောင့်နေပါသည်.. ။
အကြောင်းမှာ သူက သည်နေ့ ပန်းသူခိုးလေးလုပ်ချင်သည်မို့ ... ။
အရင်ရက်များကတည်းက သူက ဖြတ်သွားဖြတ်လာလျှောက်ကြည့်ရင်းကနေ မားမား၏ ပန်းခြံထဲမှ ပန်းများကို အာရုံစိုက်မိခဲ့ပါသည် ။ ထိုအထဲမှာ သည်ရက်ပိုင်းကမှ ပွင့်ထားသည့် နှင်းဆီပန်းတစ်ပွင့်ကတော့ သူသဘောအကျဆုံး ... ။
အနှီနှင်းဆီပန်းနီရဲရဲသည် သူ့မျက်လုံးထဲကို ဝင်လာသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်ပြီး ထိုပန်းက တခြားပန်းများနှင့် မတူဘဲ အတော်လေးကို ရဲစိုနေကာ ချွမ်ရွေ့၏ မျက်နှာလောက်နီးနီးကို ကြီးပါသည် .. ။
သေချာကြည့်လေ လှလေဆိုသည့် အမျိုးအစားပင် ။
တကယ်တော့ သူက အဲ့ဒီပန်းကို အရမ်းကြီးခူးချင်လို့ရယ်တော့လဲ မဟုတ်ပါဘူး ၊
အဲ့ဒီနှင်းဆီပန်းကိုက " ချွမ်ရွေ့ရယ် ငါ့ကို လာပြီး ခူးပါခူးပါ " လို့ မြှူဆွယ်နေလို့သာ ချွမ်ရွေ့က အခုလို တကူးတက အချိန်ပေးပြီး သူတို့ဆန္ဒကို ဖြည့်ဆည်းပေးတာ ... ။