အပိုင်း ၃၀ ကနေ စဖတ်ပါ
Song recommendation : နောက်ဆုံး - အယ်လ်ဖြူ
•••
ဆောင်းဦးကာလ၏ ပြယုဂ်ဖြစ်သည့် Cosmos ပန်းတွေက သူတို့နှစ်ယောက်ရဲ့ ခြံထဲမှာ အရောင်အသွေးစုံအောင် ပွင့်နေကြ၏။ မနက်ခင်း နေခြည်နုနုက တိမ်တိုက်အလွှာပါးလေးကို ဖြတ်ကျော်ကာ မြေပြင်ပေါ်သို့ သက်ဆင်းလာကြသည်။ နေရောင်ခြည်ဟာ သူတို့အိမ်လေးကိုတော့ဖြင့် နွေးထွေးခြင်းများစွာဖြင့် မထွေးပွေ့နိုင်ရှာပေ။
အိမ်တံခါးဖွင့်သံ ခပ်တိုးတိုးကြောင့် ဇာမဏီဘုန်းနိုင် အိပ်မောကျနေရာမှ လန့်နိုးကာ သိစိတ်နှင့် အာရုံက တစ်သားတည်းကျသွားသည်။ နာရီကိုကြည့်တော့ မနက် (၇)နာရီ ထိုးလုပြီ။ ဝေဟင် မနေ့ညကလည်း တစ်ညလုံး အိမ်ကိုပြန်မလာခဲ့။ အကျိုးအကြောင်းတစ်ခွန်းမှမပြောဘဲ အပြင်မှာအိပ်ပြီး မနက်လင်းလုမှ ပြန်ရောက်လာသူက နေစိမ့်သလို သူကလည်း ဘာဆိုဘာမှ မမေးမိပေ။ မျက်နှာချင်းဆိုင် မတွေ့ဖြစ်သည့် ရက်တွေလတွေ စိတ်လာသည့်အခါ သူတို့နှစ်ယောက်ကြားမှာ စိမ်းသက်မှုလေစိမ်းက သိသိသာသာကို တိုးဝှေ့လာပါတော့သည်။
မီးဖိုခန်းဘက်မှ ရေခဲသေတ္တာဖွင့်သံကိုကြားသည်။ ထို့နောက် ကြွတ်ကြွတ်အိတ်သံတွေကိုပါ တဆက်တည်း ကြားရတော့ ဝေဟင်က ဈေးသုံးပြီးမှ ပြန်လာဟန်ရှိသည်။ သူတို့နေထိုင်ရာ မြို့ငယ်လေးမှာ မနက်ခင်းအစောကတည်းက လူတွေဟာ နေ့တစ်နေ့ကို စတင်နေကြပြီဖြစ်သည်။ ငါးရက်တစ်ဈေး ဈေးခင်းသည့် ဈေးနေ့မျိုးတွေဆိုလျှင် အာရုံမကျင်းခင်ကတည်းက ဈေးရောင်းသူ ၊ ဈေး၀ယ်သူဖြင့် စည်ကားနေတတ်သည်။ သူတို့အိမ်မှာတော့ ဝေဟင်ကပဲ ဈေး၀ယ်ခြမ်းတာများပါသည်။ တကယ်တမ်း ဝေဟင်က နှစ်လနီးပါးလောက် အိမ်ကိုပြန်မလာသည့်အခါ တဖြည်းဖြည်း ဟောင်းလောင်းပေါက်ဖြစ်လာသော ရေခဲသေတ္တာနှင့်အပြိုင် သူ့ရင်ဘတ်ထဲမှာလည်း ခြစားခံရသလို ကလိုင်ပေါက်ဖြစ်လာသည်။
ဇာမဏီဘုန်းနိုင်ကလည်း ဘုကလန့်သမား။ ခေါင်းကြောမာပြီး အရွဲ့တိုက်တတ်သည်။ ဝေဟင်အိမ်ကိုပြန်မလာသည့်အခါ ဘာဟင်းမှမချက်ဘဲနေသည်။ ယုတ်တွအဆုံး ရေတောင်သောက်စရာမရှိ ဖြစ်လာသည့်အခါ Delivery ဖြင့် ရေသန့်ကဒ်တွေ ၀ယ်သောက်သည်။
![](https://img.wattpad.com/cover/375502420-288-k512755.jpg)